စစ်တပ်ကအာဏာသိမ်းပြီး ၃ နှစ်နီးပါးကြာလာခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်မှာ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က မြန်မာနိုင်ငံဟာ ဘိန်းဖြူ ထုတ်လုပ်မှုရဲ့ အဓိကအရင်းအမြစ်ဖြစ်တဲ့ ဘိန်းသီးနှံစိုက်ပျိုးမှုမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်လာတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်မှုမှာ မြန်မာနိုင်ငံအတွင်းက ဘိန်းသီးနှံစိုက်ပျိုးတဲ့ဒေသအလိုက်တိုးလာတဲ့ စိုက်ဧကတွေကို ဖော်ပြထားတဲ့အပြင် တခြား သီးနှံတွေလိုပဲ ဘိန်းစိမ်းကို အထွက်တိုးအောင် စနစ်တကျ စိုက်ပျိုးလာလို့ တိုးလာတဲ့ တဧကအထွက်နှုန်းတွေကိုလည်း ဖော်ပြထားပါတယ်။
UNODC ရဲ့ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ၁၀၀,၂၅၀ ဧကကနေ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ စိုက်ဧကက ၁၁၇,၇၅၀ ဧက ရှိလာတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ဘိန်းစိမ်းအထွက်တိုးဖို့ကိုလည်း တခြားသီးနှံတွေလိုပဲ မြေဆီဩဇာကောင်းမွန်အောင် စနစ်တကျဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ရေ ကြိုက်တဲ့ ဘိန်းသီးနှံကို လိုအပ်ချိန်မှာ စိုက်ပျိုးရေရရှိအောင် စနစ်တကျ ပြင်ဆင်စိုက်ပျိုးလာနိုင်တဲ့အတွက် ဘိန်းစိမ်းအထွက်က တဧကကို လေးပိဿာအထိ တိုးထွက်လာတယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဘိန်းခင်းပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာ
အဲ့ဒီလို ထုတ်ပြန်ချက်ထွက်ပေါ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ နယ်ထဲက ထမ့်ဆန်းဂူလမ်းခွဲဘက်မှာ လမ်းဘေးဝဲယာမှာတင် ဘိန်းခင်းတွေကို ရေပန်းတွေတပ်ဆင်ပြီး စနစ်တကျ စိုက်ပျိုးထားတဲ့ ဓာတ်ပုံတွေ ပျံ့နှံ့လာပါတယ်။ အဲ့ဒီနောက် ဘိန်းခင်းထဲမှာ အလှဓာတ်ပုံရိုက်ကူးသူတွေ တစစ များပြားလာပြီး တခြားသီးနှံစိုက်ပျိုးသူ တောင်သူတွေက အခုနှစ်အတွင်း ထောပတ်၊ ကော်ဖီ၊ မက္ကဒေးမီးယား စတဲ့ သီးနှံဈေးကွက်တွေ ကမောက်ကမဖြစ်တာကြောင့် ဘိန်းသီးနှံကို ပြောင်းလဲ စိုက်ပျိုးကြဖို့ နောက်ပြောင် လာကြတဲ့အထိ လူထုကြားမှာ ပျံ့နှံ့လာပါတယ်။ ရှမ်းပြည်နယ်က မြန်မာတနိုင်ငံလုံးမှာ ဘိန်းစိုက်ဧက အများဆုံးဖြစ်ပြီး စုစုပေါင်းစိုက်ပျိုးဧက ၁၇,၅၀၀ ရှိတယ်လို့ UNODC က ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအဆက်ဆက်က ဘိန်းပပျောက်ရေးစီမံကိန်းတွေ၊ ဘိန်းအစားထိုး သီးနှံစီမံကိန်းတွေနဲ့ ခေတ်အဆက်ဆက် မရိုးရအောင် အကောင်ထည် ဖော်ခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက လျော့ကျမလာဘဲ တိုးလာတဲ့အပြင် ကမ္ဘာ့ထိပ်တန်း ဘိန်းသီးနှံစိုက်ပျိုးသူ နိုင်ငံအဖြစ်ကိုပါ ရောက်ရှိလာပါတယ်။
ဘိန်းတောင်သူနဲ့ တွေ့ဆုံနိုင်ရေးခရီးအစ
ဒီလို ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာကို စုံစမ်းသိရှိဖို့အတွက် အခုနှစ် မတ်လဒုတိယပတ်အတွင်း ရန်ကုန်ကနေ မြန်မာတနိုင်ငံလုံး ဘိန်းစိုက်ဧကအများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်ကို စတင်ထွက်ခွာလာခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တွေက တဘက်၊ စစ်တပ်ကို မလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေက တဘက်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက် ညသန်းခေါင်အချိန်မှာ စစ်တပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ဟိုပုံးမြို့နယ်၊ စံဖူးရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်း တောက်လောင်ဆဲ စစ်မီးဟာ ရှမ်းပြည်တောင်ပိုင်းကို ကူးစက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကြားမှာ ဘိန်းစိုက်ဧကတွေက ဘာ့ကြောင့် တိုးလာပါလဲ။ ဒါကိုသိရဖို့ လတ်တလော ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး နီးစပ်ရာကို စုံစမ်းရာမှာတော့ ဒီအကြောင်းတွေကို စကားမဟဖို့နဲ့ ဒီအကြောင်းကို ဒီအချိန်မှာ လေ့လာစုံစမ်းရင် စိုက်ပျိုး သူတောင်သူတွေနဲ့ ဆက်စပ်အကျိုးစီးပွားမှာ ပါဝင်သူတွေက မကြိုက်ကြလို့ စုံစမ်းသူကို သတ်ပစ် တတ်တယ်လို့ သတင်းရင်းမြစ်အချို့က ပြောဆိုကြပါတယ်။ သတင်းထောက်တဦးအတွက် ဒီလို အန္တရယ်ရှိတာကို သိရပေမဲ့ ကမ္ဘာ့ထိပ်တန်းဘိန်းစိုက်ပျိုးသူအဖြစ် ရောက်ရှိသွားတဲ့ မြန်မာနိုင်ငံ ရဲ့အဖြစ်ကိုတော့ မျက်ကွယ်ပြုလို့မရဘဲ ဒီသတင်းကို ဆက်လက်စုံစမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ဒါကြောင့် ဘိန်းစိုက်ဧကတိုးလာတဲ့ သတင်းရဖို့အတွက် ပင်လောင်းဒေသဟာ ရှေးအစဥ်အ ဆက်ကတည်းက ဘိန်းစိုက်ပျိုးခဲ့တဲ့ နေရာဖြစ်တာကြောင့် ရောက်ရှိရာနေရာနဲ့ အနီးဆုံးဖြစ်တဲ့ ပင်လောင်းကိုသွားဖို့ စီစဥ်ထားပေမယ့် သွားဖို့ မတိုင်ခင် တညမှာပဲ တိုက်ပွဲတွေ ဖြစ်လာ တာကြောင့် ကားဆရာတွေက အဲ့ဒီမြို့ကို ကားမောင်းပို့ဖို့ အခက်အခဲရှိလာလို့ ပင်လောင်းဘက်ကို သွားရောက်သတင်းရယူမယ့် အစီအစဥ်ပျက်သွားပါတယ်။
မိတ္ထီလာ - တောင်ကြီး - ဟိုပုံး - လွိုင်လင် - တာချီလိတ်လမ်း
အဲ့ဒီနောက်မှာတော့ လွိုင်လင်ဘက်က ဘိန်းစိုက်ပျိုးသူတဦးနဲ့ ချိတ်ဆက်မိပြီး လွိုင်လင်ဘက်ကို ချိန်းထားတဲ့ရက်နဲ့ နှစ်ရက်ကြိုပြီး နေ့လယ်တနာရီခွဲမှာ မိတ္ထီလာ - တောင်ကြီး - ဟိုပုံး - လွိုင်လင် - တာချီလိတ်လမ်း အတိုင်း ထွက်ခွာလာခဲ့ပါတယ်။ အဲ့ဒီလမ်းပေါ်က နမ့်ခေါင်ရွာ အလွန်မှာ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က တိုက်ပွဲဖြစ်ထားလို့ ကျည်ရာအမျိုးမျိုး ဖောက်ဝင်ထားတဲ့ ‘ခမ်းရတနာ’ စား သောက်ဆိုင်အပါအဝင် တခြားစားသောက်ဆိုင်နှစ်ဆိုင်ကိုလည်း တွေ့မြင်ရပါတယ်။ ဒီတိုက် ပွဲကြောင့် ရှမ်းတောင်နဲ့ ရှမ်းအရှေ့ကို ဆက်သွယ်ထားတဲ့ အဲ့ဒီလမ်းမကြီးကို ဆယ်ရက်ကြာ ပိတ်ဆို့ ထားခဲ့ပါတယ်။ အဲ့ဒီနောက် အာဇာနည်ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ မိုင်းပွန် စော်ဘွားစဝ်စံထွန်းရဲ့ ဇာတိဖြစ်တဲ့ မိုင်းပွန်မြို့ကို ဝင်ချိန်မှာတော့ ချောင်းထိပ်က မြို့အမည်ဆိုင်းဘုတ်ကို ဓာတ်ပုံရိုက်ဖို့ မလွယ်ကူအောင် စစ်တပ်က ဂိတ်ဖွင့်ပြီး အစစ်အဆေးတွေရှိနေပါတယ်။ ခရီးသည်တွေရဲ့ ဖုန်းတွေစစ်တာ၊ ရှာတာ ဖွေတာတွေ မရှိပေမဲ့ ခရီးသည်ကားကိုလူစုံအောင် စေ့စေ့ကြည့်ပြီး ဘယ်ကလာလဲ၊ ဘယ်ကို သွားမလဲဆိုတာတော့ မေးပါတယ်။ မိုင်းပွန်မြို့ထဲကို ဖြတ်သန်းတဲ့အခါမှာ စစ်ကားတွေ သွားလာနေတာကို တွေ့ရတဲ့အပြင် ပအိုဝ်းပြည်သူ့စစ်တွေကလည်း လက်နက်အပြည့်အစုံ လူအင်အား အပြည့်အစုံနဲ့ မိုင်းပွန်မြို့ထဲ သွားလာနေတာကိုလည်း တွေ့ရပါတယ်။ မိုင်းပွန်ကိုကျော်တဲ့အခါ ခရိုင်မြို့တမြို့ဖြစ်တဲ့ လွိုင်လင်မြို့ကို ညနေ ငါးနာရီခွဲမှာ ရောက်ရှိပါတယ်။
ခြောက်ကပ်နေတဲ့ ခရိုင်မြို့၊ လွိုင်လင်
လွိုင်လင်မြို့ကိုဝင်ဝင်ချင်းမှာပဲ ခရိုင်မြို့တမြို့ဖြစ်လို့ ဌာနဆိုင်ရာရုံးအဆောက်အအုံတွေကို အရင်ဆုံးတွေ့မြင်ရပါတယ်။ မြို့ဟာ သန့်ရှင်းသာယာလှပပေမဲ့ ညနေ ငါးနာရီ စွန်းစအချိန်မှာပဲ မြို့က တိတ်ဆိတ်ရှင်းလင်းလို့ နေပါတယ်။ လွိုင်လင်မြို့မ ညဈေးတန်းဟာ အရင်က ခြောက်မိုင်အကွာမှာရှိတဲ့ ပင်လုံမြို့က အလည်လာသူတွေအပါအဝင် မြို့ခံတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားခဲ့ပေမဲ့အခုခါမှာတော့ ဒေသခံအနည်းကျဉ်းနဲ့ တိတ်ဆိတ်ခြောက် ကပ်နေပါတယ်။ ညဈေးတန်း တို့ဖူးနွေးက တောင်ကြီးမှာလောက် စားမကောင်းပေမဲ့ ဈေးကတော့ တောင်ကြီးမြို့မှာလိုပဲ တပွဲကို ကျပ် ၂၀၀၀ ပေးရပါတယ်။ ဈေးရှေ့မှာ ဆန်ခေါက်ဆွဲဆိုင် လေးဆိုင်လောက်ရှိပေမဲ့ သူ့မိတ်နဲ့သူ ခပ်ကျဲကျဲရှိနေတာမျိုးပါ။
ပင်လုံခရီးအစ
ချိန်းဆိုထားတဲ့ လွိုင်လင်မြို့က ဘိန်းတောင်သူနဲ့မတွေ့ခင် ပင်လုံမြို့မှာလည်း ဘိန်းစိုက် ခင်းတွေရှိတာကို သတင်းရရှိတဲ့အတွက် နောက်တရက် မနက် ၆ နာရီမှာ အပူချိန်က ၁၁ ဒီဂရီစင်တီဂရိတ်ပဲရှိပြီး ပင်လုံမြို့ကို ဆိုင်ကယ်နဲ့အသွားမှာတော့ အတော်ပဲ ချမ်းအေးလှပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရအရယူဖို့အတွက် တောင်တန်းနဲ့ပြည်မ တပေါင်းတည်းလက်မှတ်ရေးထိုးခဲ့တဲ့ သမိုင်းဝင် ပင်လုံမြို့အဝင်မှာ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်နဲ့ အဖြူရောင်မြို့ဆိုင်းဘုတ်ကို အရိုးအပြိုင်းပြိုင်းဖြစ်နေတဲ့ လက်ပံပင်နောက်ခံနဲ့ မြင်တွေ့ရတာ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ်။ မနက်စောစော လူသွားလူလာကျဲပါးချိန်မှာ မြို့ဆိုင်းဘုတ်ကို စိတ်တိုင်းကျ ရိုက်ကူးအပြီးမှာတော့ ပင်လုံ ဈေးဘက်ကို ထွက်လာခဲ့ပါတယ်။
တောင်ကြားလွင်ပြင်ထဲက မျက်စိတဆုံး ဘိန်းခင်းကြီး
ပင်လုံဈေးနားကစ ထွက်လာတဲ့ ဘိန်းတောင်သူနဲ့တွေ့ဖို့ ခရီးအစဟာ ၁၀ မိနစ် မပြည့်ခင်မှာပဲ လိုက်ပို့ပေးသူက တောင်တန်းအခြေက ပန်းရောင်ပျပျမြင်နေရတဲ့ နေရာကို လက်ညှိုးထိုးပြီး အဲ့ဒါ ဘိန်းခင်းတွေလို့ ဆိုလာပါတယ်။ အဝေးကမြင်ရတဲ့ တောင်ခြေနားက မြေပြန့်လွင်ပြင်မှာ မျက်စိတဆုံး မြင်လာရတဲ့ ပန်းရောင်အခင်းကြီးဟာ ဘိန်းခင်းပဲလို့ သိလာရတဲ့အခါ အဲ့ဒီ အနားရောက်လိုစိတ်က ပိုပြီး ပြင်းပြလာပါတယ်။ လမ်းမကြီးကနေ တောင်ခြေဘက်ကို ဆင်းဖို့အတွက် ဘယ်ဘက်ကို ချိုးချလိုက်ရင်ပဲ ကြက်သွေးရောင် ဘိန်းခင်းကြီးကို ဘွားကနဲတွေ့လိုက်ရပြီး အဲ့ဒီအရောင်က ဘိန်းစေးပိုထွက်တဲ့ ဘိန်းကြီးမျိုးလို့ လိုက်ပို့သူက ဆိုပါတယ်။ ကြက်သွေးရောင် ဘိန်းခင်းရဲ့အနီးအနားမှာလည်း တခြား ဘိန်းခင်းတွေနဲ့ ဘိန်းပင်တွေကို ပြုစုနေတဲ့ ခြံလုပ်သားတွေကို ဟိုမှာ၊ ဒီမှာ တွေ့မြင်ရပါတယ်။ ဒီလုပ်သားတွေကို မြင်လိုက်ရတဲ့အခါ ရန်ကုန်မြို့စွန်က ဂန္ဓမာပန်း၊ နှင်းဆီပန်းခြံတွေမှာ အပင်ပြု စုနေတဲ့ စိုက်ခင်းလုပ်သားတွေလိုပဲ ဘိန်းခင်းလုပ်သားတွေမှာ ပုန်းလျှိုး၊ ကွယ်လျှိုး မဟုတ်ဘဲ စိတ်အေး လက်အေးနဲ့ ခြံအလုပ်တွေ လုပ်ကိုင်နေတာကို တွေ့မြင်ရပါတယ်။ ဘိန်းခင်းကြီးတွေကို မှတ်တမ်းယူရတာကတော့ တခြားသီးနှံကို ရိုက်ကူးရတာနဲ့မတူညီဘဲ စိုးရိမ်စိတ်နဲ့အတူ စိတ်လှုပ်ရှားမိပါတယ်။
ဘိန်းခင်းတွေကို တွေ့ပြီးတဲ့နောက် ဘိန်းတောင်သူနဲ့တွေ့ဖို့အရေးဟာ ကြိုတင်ရထားတဲ့ သတင်းတွေအရ စိုးရိမ်ထိတ်လန့်ရတာနဲ့အတူ သိချင်စိတ်ပြင်းပြတဲ့ ဆန့်ကျင်ဘက်ခံစားမှုတွေကို တပြိုင်နက်ထဲ ခံစားရတာဖြစ်ပါတယ်။ တကယ်တမ်း ဘိန်းတောင်သူနဲ့ စကားပြောရချိန်မှာတော့ စိုက်ပျိုးထုတ်လုပ်တဲ့ နည်းပညာအပိုင်းတွေ၊ ဘိန်းဈေးကွက် အခြေအနေနဲ့ မိရိုးဖလာစိုက် ပျိုးထုတ်လုပ်ခဲ့တဲ့ ရာဇဝင်တွေကအစ မေးသမျှမေးခွန်းတိုင်းကို ဖြေကြားပေးကြပါတယ်။
ဘိန်းကို ဘာကြောင့် စိုက်ရလဲ
UNODC က ထုတ်ပြန်ခဲ့သလို ဘိန်းစိုက်ဧကတွေ တိုးလာတာက ဘိန်းကို ဟိုးယခင်ကတည်းက မိရိုးဖလာ စိုက်ပျိုးတဲ့ တောင်သူတွေရှိသလို တခြားသီးနှံထက် ဘိန်းကဈေးကွက်တည်ငြိမ်လို့ သီးနှံပြောင်းလဲစိုက်ပျိုးလာကြပြီး စိုက်ဧကတွေတိုးလာတာလို့ ပအိုဝ်းနယ်က ဘိန်းစိုက်တောင်သူ တဦးက ပြောပါတယ်။
“ဒီဘက်မှာက ဘိန်းနဲ့ စပါးက အဓိကပါ။ တခြားသီးနှံက ကော်ဖီ၊ ထောပတ်၊ ထောပတ်က သူသီးမှ ခူးတယ်။ ဆေးမှမဖျန်းတာ။ ဒီအတိုင်းပဲထားတာ။ ဂရုမစိုက်ဘူး။ အဓိက ဒီတကြောက ဟင်းသီးဟင်းရွက်စိုက်ခဲ့တယ် အဆင်မပြေဘူး။ လုပ်တဲ့သူလည်း လုပ်တယ်၊ မလုပ်တဲ့ လူလည်းရှိတယ်။ ဒီလူတွေက စပါးနဲ့ ဘိန်းနဲ့ပဲ ပုံမှန်စိုက်တယ်၊ သူတို့အလေးချိန် ဈေးရရင်တော့ လုပ်တဲ့သူများတယ်။ ဈေးလျော့ရင်တော့ လုပ်တဲ့သူနည်းတယ်။ ဈေးလျော့ ရင်တော့လုပ်တဲ့သူ နည်းတယ်။ အဓိက ဈေးပေါက်တဲ့ပေါ် မူတည်တယ်။”
ဘိန်းစိုက်လို့ ဘာလို့ ရနေလဲ
မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုကို မူဝါဒအရ တားမြစ်ထားပေမဲ့ စိုက်ပျိုးရာဒေသတွေမှာတော့ ဘိန်းစိုက်ပျိုးတဲ့ နယ်မြေအလိုက် အစိုးရသူ လက်နက်ကိုင်အဖွဲ့တွေကို ဘိန်းခွန်လို့ခေါ်ကြတဲ့ ငွေပေးပြီး စိုက်ပျိုးကြတာဖြစ်ပါတယ်။ လွိုင်လင်ဒေသမှာဆိုရင် မြန်မာစစ်တပ်အပါအဝင် ပအိုဝ်းတပ်၊ ရှမ်းတပ် စတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဘိန်းခွန်အဖြစ် ဘိန်းစိမ်းအပါအဝင် ကျေးရွာတရွာကို ကျပ်သိန်း ၂၀၀ နှုန်း ပေးဆောင်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဘိန်း တောင်သူတဦးကို ကျပ် သုံး၊ လေးသိန်း ပေးဆောင်ရတယ်လို့ ပင်လုံမြို့က ဘိန်းတောင် သူတဦးက ဆိုပါတယ်။
“အဓိက များများလုပ်တဲ့သူလည်း အဲ့လိုပဲပေါ့။ တရွာကိုဘယ်လောက်တောင်းလဲ သိန်း ၂၀၀ လား။ ဘိန်းစေးနဲ့ တယောက်နည်းနည်းပေး။ ဘိန်းစေးလည်းပေးရတယ်။ ပိုက်ဆံလည်း ပေးရတယ်။ သုံး သိန်း၊ လေးသိန်းပေးရတယ် တဦးကို။ ဒီနေရာက ပအိုဝ်း။ ခုန လမ်းတဘက်ဆိုရင် ရှမ်း၊ မြို့နဲ့နီးရင် စစ်သားကို ပေးရတာပေါ့။”
ဘိန်းခွန်ပေးနေသရွှေ့ ဘိန်းကို လွတ်လွတ်လပ်လပ်စိုက်ပျိုးလို့ရပြီး ဘိန်းခွန်မပေးရင်သာ ဘိန်းခင်းတွေကို လာရောက်ဖျက်ဆီးတာရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဘိန်းစိုက်ပျိုးမှုက စာရွက်ပေါ်မှာသာ တရားမဝင်ကြောင်း ပြဋ္ဌာန်းထားပေမယ့် တရားဝင်စိုက်ပျိုးမှုဖြစ်အောင် ငွေနဲ့ပေးဝယ်လို့တော့ ရနေပါတယ်။
ပင်လုံဒေသခံဘိန်းတောင်သူက “စစ်သားပဲပေါ့။ မပေးရင်တော့ လူများလာဖျက်တာပေါ့။ စစ်သားအကုန်လုံးပဲ။ စစ်သားအကုန်လုံးပေးရတယ်။ ငါတို့က ငါတို့မြေပိုင်တယ်မလား။ သူများမနိုင်ဘူးလေ။ ဒီဘက်က ပေးတယ်။ ဒီဘက်ကပေးတယ်။ ဒီဘက်ကမပေးဘူးဆိုတော့ သူများလာလုပ်ပြီ” လို့ ပြောပါတယ်။
ဘိန်းကို ဘယ်သူတွေ စိုက်လာကြလဲ
ဒါကြောင့် အဲ့ဒီဒေသအတွင်းမှာ မြေငှားပြီး ဘိန်းစိုက်ပျိုးသူတောင်သူအသစ်တွေလည်း ရပ် နီးရပ်ဝေးက ရောက်ရှိလာတယ်လို့ သိရပါတယ်။ ဘိန်းတဧက စိုက်ပျိုးဖို့အတွက် မြေငှားစရိတ်က တဧကကို ကျပ်ငါးသိန်း ပေါက်ဈေးရှိပါတယ်။ ဒါကြောင့် ဘိန်းခွန်ဆောင်ပြီး မြေငှားစိုက်လာကြတဲ့ ဘိန်းစိုက်ဧကတွေက အခုနှစ်ပိုင်းအတွင်း ပိုပြီးများပြားလာတာ ဖြစ်ပါတယ်။
ပင်လုံဒေသခံ ဘိန်းစိုက်တောင်သူက “မြို့လူလည်း လာလုပ် တယ်။ တောင်ပေါ်က လာလုပ်တာလည်းရှိတယ်” လို့ ပြောပါတယ်။
ဘိန်းရာသီ
ပင်လုံမြို့အပါအဝင် လွိုင်လင်ဒေသမှာ ဘိန်းစိုက်ပျိုးပုံက တောင်ယာနဲ့ မြေပြန့်က ရေခြံလို့ခေါ်ကြ တဲ့ လယ်မြေတွေမှာလည်း စိုက်ပျိုးကြပါတယ်။ တနိုင်ငံလုံးအတိုင်းအတာအရ သီးနှံ စတင်စိုက်ပျိုးကြတဲ့ မိုးရာသီကာလကို ရောက်လာတဲ့အခါ မြန်မာလို ဝါခေါင်လ အင်္ဂလိပ်လို ဩဂုတ်လမှာတော့ တောင်ယာတွေမှာ ဘိန်းကို စတင်စိုက်ပျိုးကြပါတယ်။ အဲ့ဒီအချိန်မှာပဲ တောင်အောက်က ရေခြံလို့ ခေါ်တဲ့ စပါးစိုက်တဲ့ လယ်မြေတွေမှာ စပါးကိုလည်း တပြိုင်နက် စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးတဲ့ ရာသီချိန် ရွေးချယ်ပုံကို ဘိန်းစိုက်တောင်သူက အခုလိုပြောပါတယ်။
“မိုးများလွန်းရင်လည်း မရဘူး။ မိုးနည်းလွန်းရင်လည်း အပင်လည်းမကောင်းဘူး။ ရှစ်လပိုင်း၊ ကိုးလပိုင်းက မိုးနည်းသွားတာပေါ့။”
စပါးက စားဖို့၊ ဘိန်းက သုံးဖို့
ရှမ်းပြည်နယ်က ဒေသခံတောင်သူတွေ ဘိန်းနဲ့စပါးကို စိုက်ပျိုးပုံက မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွေဖြစ်တဲ့ မကွေး၊ ရေနံချောင်းစတဲ့ဒေသတွေက တောင်သူတွေ ပြောကြသလို စပါးကစားဖို့၊ ကြက်သွန်က သုံးဖို့ဆိုတဲ့ ရေမြေ ရာသီဥတုနဲ့ ဈေးကွက်အလိုက် သီးနှံတွေကို စိုက်ပျိုးကြသလိုပဲ ရှမ်းပြည်နယ်၊ လွိုင်လင်တကြောကတောင်သူတွေမှာလည်း စပါးကစားဖို့ ဘိန်းက သုံးဖို့ဆိုတဲ့ ရေမြေဈေးကွက်အနေအထားအရ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
စပါးသိမ်းပြီးတဲ့နောက် အဲ့ဒီရေခြံကို ပြန်လည်ထွန်ယက်၊ ကြက်ချေးနဲ့ ဓာတ်မြေဩဇာတွေ ပြန်ထည့်ပြီး ဘိန်းကို ဆက်လက် စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဘိန်းအတွက်မြေကို ထပ်မံထွန်ယက်ရပုံကို ဘိန်းတောင်သူက အခုလိုဆိုပါတယ်။
“ထွန်ရတာပေါ့။ မထွန်ရင် သူက မြေကြီးက ကပ်သွားတယ်။ ထပ်ထွန်ရတယ်။ အစ အဆုံးပြန်လုပ်ရတာပဲ။ ရေအရင်သွင်းပြီး ထွန်ရတယ်။ ၂ ခါထွန်ရတယ်။ အကြမ်း တခါ အချောတခါ။”
အသေအချာစိုက်ပျိုးရတဲ့ ဘိန်း
မြေကိုထွန်ရက်ပြီးတဲ့အခါ ဘိန်းပင်စိုက်ပျိုးရာမှာ မျိုးစေ့ကိုတော့ ပြီးခဲ့တဲ့ရာသီက ခူးယူ သိမ်းဆည်းထားတဲ့ ဘိန်းစေ့တွေကိုပဲ ပြန်လည်အသုံးပြုကြတာဖြစ်လို့ ဘိန်းစိုက်ပျိုးရာမှာ တခြားသီးနှံစိုက်ပျိုးတာထက် မျိုးစေ့ဝယ်စရာမလိုဘ မျိုးဖိုးသက်သာတဲ့ အားသာချက်ရှိ နေပါတယ်။ ဘိန်းမျိုးတွေကို ကြဲပက်လိုက်ပြီးတဲ့နောက် အပြိုင်းအရိုင်းပေါက်လာတဲ့ ဘိန်းပင်ငယ် တွေကို ကြပ်ခဲမနေအောင် ပင်ကြပ်နုတ်ပေးရပါတယ်။ ဘိန်းပင်က သဘာဝမြေဩဇာဖြစ်တဲ့ ကြက်ချေးကို နှစ်သက်သလို ဓာတ်မြေဩဇာကိုလည်း လုံလုံလောက်လောက် ထည့်သွင်း ပေးရပါတယ်။ ဒါ့အပြင် အပင်ငယ်စဥ်ကတည်းက ရေကြိုက်နှစ်သက်တဲ့ သီးနှံမျိုးဖြစ်တာကြောင့် ရေခြံမှာစိုက်ပျိုးတဲ့ ဘိန်းကဆောင်းရာသီမှာ စိုက်ပျိုးပြီး နွေရာသီကာလကို ဖြတ်သန်းရတာမို့ အချိန်ခါမီ ရေသွင်းနိုင်အောင် ကန်တွေတူးပြီး အသင့်ပြင်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။
“ရေနည်းလွန်းရင်လည်း သူကမထွက်နိုင်ဘူး။ ပုံမှန်လုပ်ပေးရင် သူကထွားလာတယ်” လို့ ဘိန်းစိုက်ပျိုးရာမှာလည်း စိုက်ပျိုးရေ အရေးကြီးပုံကို ဘိန်းစိုက်တောင်သူက ပြောပါတယ်။ ဘိန်းပင်မှာ တခြားသီးနှံလိုပဲ ပိုးမွှားရောဂါကျရောက်တဲ့ ပြဿနာရှိပြီး အပင်အရပ် တထွာ သာသာလောက်မှာ စတင်ကျရောက်တတ်တယ်လို့ ဘိန်းတောင်သူက ပြောပါတယ်။ ဘိန်းပင်တွေ ကြီးထွားလာပြီးတဲ့နောက် အပွင့်ပွင့်ပြီး ပွင့်ဖတ်လေးတွေကြွေတဲ့အချိန်မှာ ဘိန်းစေး စတင်ခြစ်ယူလို့ရပြီလို့ ဘိန်းတောင်သူက ဆိုပါတယ်။ ဒီအချိန်ဟာ ဘိန်းတောင်သူအတွက် အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။ ပွင့်ဖတ်ကြွေပြီးနောက် ဘိန်းသီးခြောက်မသွားခင် ၁၀ ရက်တာ ကာလအတွင်း ဘိန်းစေးကို လူအင်အားနဲ့ အချိန်မီခြစ်ယူရတာဖြစ်ပါတယ်။ ဘိန်းသီးတလုံးကို နှစ်ရက်ခြားတခါ ခြစ်ယူနိုင်ပြီး အများဆုံး သုံးခါလောက်ပဲခြစ်ယူနိုင်တယ်လို့ ဘိန်းတောင်သူက ဆိုပါတယ်။
“ခြစ်ယူမယ့်အချိန်ဆို ဂရုစိုက်ရတယ်။ ဒီနေ့ လူအယောက် ၂၀ ၊ ငါးယောက်ပဲ လာတယ်။ ၁၅ ယောက်အတွက်က ရှုံးပြီ၊ အဲ့လိုမျိုး။ အဓိက သူအသီးသီးတဲ့အချိန်မှာ အချိန်မီ ခြစ်နိုင်ဖို့ပဲ။ မမီလိုက်ဘူးဆိုရင် အစေးကမရတော့ဘူး။ ခြောက်သွားမယ်ပေါ့။ အဓိက အသီးခြစ်တဲ့အချိန်မှာ မြန်မြန်ဆန်ဆန်ခြစ်နိုင်ဖို့ပဲ။ အဓိက လူရဖို့ပဲလိုတယ်။ တချို့လူတွေလည်း နှစ်ခါပဲ ခြစ်ရတယ်။ ပထမဆုံးထွက်တာ အကောင်းဆုံးပဲ။ အဲ့အချိန်မှာ မိမိရရခြစ်ရတယ်၊ သုံးခါဆိုပြီးပြီ။ သုံးခါဆို မထွက်တော့ဘူး။ ဆယ်ရက် အတွင်း ကမန်းကတန်းခြစ်ရတယ်။”
စိုက်ပျိုးရေနဲ့ ဘိန်းအစေးခြစ်အလုပ်သမားရရှိရေးသည် ဘိန်းစီးပွားအတွက် အသက်
ဒါကြောင့် ဘိန်းစိုက်ပျိုးတဲ့လုပ်ငန်းမှာ စိုက်ပျိုးခွင့်ရရှိဖို့က ငွေနဲ့ ပေးဝယ်လို့ အလွယ်တကူ ရနိုင်ပေမဲ့ ဘိန်းပင်ကြီးထွားဖို့က စိုက်ပျိုးရေအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ကအရေး ကြီးသလို ဘိန်းစေးခြစ်တဲ့အချိန်မှာ လုပ်သမားအချိန်မီရနိုင်ဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ဒါကြောင့် ဘိန်းခင်းလုပ်သားတဦးရဲ့လုပ်အားခက တနေ့ကို ကျပ် ၁၈၀၀၀ ပေးရပြီး တခြားဒေသတွေက တခြားသီးနှံစိုက်ပျိုးသူ လယ်ယာလုပ်သားတွေထက် ဈေးတဆနီးပါး ပိုရနေတာပဲဖြစ်ပါတယ်။
ဘိန်းစေးထွက်ရှိမှုနဲ့ လက်မြန်တဲ့အပေါ်မူတည်ပြီး တနေ့ကို ကျွဲစိမ်းအချိုရည်ဘူးခွံ တဘူးကနေ သုံးဘူးအထိ ရယူနိုင်ကြတယ်လို့ ဘိန်းအစေးခြစ် လုပ်သားတဦးက ပြောပါတယ်။
“ယူတဲ့အချိန်လည်း ကွာတယ်။ မြန်တဲ့လူလည်းမြန်တဲ့လူပေါ့။ ကျွဲစိမ်းဘူးလေ။ မြန်တဲ့လူက နှစ်ဘူးရတယ်၊ သုံးဘူးရတယ်။ ဖြည်းလွန်းတဲ့သူလည်း တဘူးပဲရတယ်။ အဓိက သူကအစေးပဲလေ။ သူ့အစေးကောင်းရင် ယူလို့လွယ်တယ်။”
အရောင်ကွာသလို အထွက်နှုန်းကွာတဲ့ ဘိန်းပန်းများ
ဘိန်းပန်းတွေရဲ့အရောင်က အဖြူရောင်၊ ပန်းရောင်နဲ့ ကြက်သွေးရောင်တွေကို အများဆုံး တွေ့ရပါတယ်။ အဖြူရောင်ပန်းပွင့်ကရတဲ့ ဘိန်းသီးတွေကို ဘိန်းစေးခြစ်ပြီးတဲ့အခါ အခြောက်ခံသိမ်းဆည်းထားပြီး နောက်ရာသီမှာ ပြန်လည်စိုက်ပျိုးရင် အဖြူရောင်ပန်းပွင့်တွေကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။
ဘိန်းတောင်သူတဦးက “ပန်းတွေကို အရောင်မရောအောင် သပ်သပ်စီသိမ်းတယ်။ အနီသိမ်းပြီး ပြန်စိုက်ရင် အနီပြန် ထွက်တယ်။ ကြက်သွေးရောင်က အစေးထွက်အများဆုံးပဲ။ အဖြူက သူကရှည်တယ်ပေါ့။ သူက အစေးခြစ်တဲ့ကာလ ပိုရှည်တယ်။ အဖြူက ဆယ်ရက်ကျော် ၁၅ ရက် ထွက်တယ်။ သူက နည်းနည်း ပဲထွက်တယ်။ ကြက်သွေးရောင်က လေးခါခြစ်ရတယ်။ အဖြူက လူပိုပင်ပန်းတယ်။ ပန်းရောင်က အစေးထွက်တာ အတူတူပဲ ရောထည့်တော့။ ကောင်းတာက ကြက်သွေးရောင်ကကောင်းဆုံး အလေးချိန်လည်းမာတယ်။ အလေးချိန်လည်း စီးတယ်” လို့ ပြောပါတယ်။
ဘိန်းကရတဲ့ အကျိုးအမြတ်
၂၀၂၄ နွေရာသီမှာထွက်ပေါ်လာတဲ့ ဘိန်းစိမ်းတပိဿာဈေးက ကျပ်ရှစ်သိန်းကျော်မှာရှိပြီး ဒါက ဈေးပြန်တက်လာတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဘိန်းဈေးတွေကျ ဆင်းသွားခဲ့ပြီး ဘိန်းစိမ်း သုံးပိဿာကို ကျပ် ၁၀ သိန်းအထိ ဈေးကျ ဆင်းခဲ့တယ်လို့ ဘိန်းတောင်သူက ဆိုပါတယ်။
ဘိန်း တဧကကို ကျပ်သိန်း ၄၀ အရင်းနှီးရှိပြီး ဘိန်းစိမ်းအထွက်နှုန်းက ၁၀ ပိဿာကနေ အများဆုံး ၁၂ ပိဿာအထိ ထွက်ရှိတယ်လို့ ဆိုပါတယ်။ တခြားသီးနှံတွေ စိုက်ပျိုးရာမှာ ဓာတ်မြေဩဇာ၊ လုပ်သားစရိတ်၊ လောင်စာဆီ၊ စက်ငှားရမ်းခစတဲ့ သွင်းအားစုစရိတ်တွေ မြင့်တက်သလို ဘိန်းတောင်သူမှာလည်း ဓာတ်မြေဩဇာနဲ့ တခြားသွင်းအားစုတွေအပြင် ဘိန်းခွန်စရိတ်၊ ကြက်ချေးစရိတ်စတဲ့ သွင်းအားစု ဝန်ထုပ်ဝန်ပိုးကို ခံစားရပါတယ်။ ဘိန်းစိုက်ပျိုးလို့ ဝင်ငွေပိုကောင်းတယ် ထင်ရပေမဲ့ လူတွေထင်သလို အကျိုးအမြတ်ကြီးကြီး ရနေတာမဟုတ်ဘူးလို့ ပင်လုံမြို့နယ်က ဘိန်းတောင်သူက ဆိုပါတယ်။
“အခုရွှေဈေးက ၄၁ အဲ့လိုမျိုး။ လေးငါးပိဿာဆိုရင် တကျပ်သားရတယ်မလား၊ အခုမရဘူးလေ။ သိန်း ၄၀ ကျော်မှ တခုပဲရတယ်။ ဟိုအရင်က ဘိန်းနှစ်လုံးဆိုရင် အဲ့ကောင်တခုရတယ်။ အခုဆိုင်ကယ် နင်စဥ်းစားကြည့်လေ၊ ကျနော်မောင်းတာ အခုဆို ၂၀ ကျော်၊ အရင် ၇ သိန်းပဲလေ၊ အရင်ခေတ်နဲ့ဆို သုံးစီးတစီး။ အေးအဲ့ကြောင့်မို့ အလုပ်မရှိတော့ ဒီလိုမျိုးလုပ်ရတယ်။ သူများအထင်ကြီးတယ်။ ဒီလိုမျိုးလုပ်တာ။ အို.. သူဌေးတွေပဲ။ အရင်းနဲ့ပြန်တွက်လိုက်ရင် ဘာကျန်မလဲ၊ ဘာမှ မကျန်ဘူး။”
ဘိန်းနဲ့ အစေ့ထုတ်ပြောင်း
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ရှမ်းပြည်တောင်ပိုင်းကို စစ်မီးမကူးခင်ကတည်းက အဲ့ဒီဒေသရဲ့ သီးနှံထုတ်လုပ်မှုဟာ စစ်ကြောင့် တိုက်ရိုက်ထိခိုက်တာတော့မရှိခဲ့ပါဘူး။ ဒါပေမဲ့ တပြည်လုံးက ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ထားတဲ့ရခိုင်ပြည်နယ်အပါအဝင် တခြားဒေသတွေကို သီးနှံတင်ပို့ခွင့်မရခဲ့တာကြောင့် ပျက်စီးဆုံးရှုံးတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလို ရှမ်းတောင်ဒေသကို စစ်မီးကူးစက်လာတဲ့အပြင် အစေ့ထုတ်ပြောင်းလို မိုးရာသီမှာ အဓိက စိုက်ပျိုးတဲ့သီးနှံက ဈေးကွက်တင်ပို့ဖို့ အခက်အခဲဖြစ်လာပြီး ဈေးတွေလည်း ကျဆင်းလာတဲ့အတွက် ရှမ်းတောင်သူတွေ အဖို့ အစေ့ထုတ်ပြောင်းနေရာမှာ တခြား ဝင်ငွေရသီးနှံ အမယ်သစ်တခုကို အစားထိုးစိုက်ပျိုးဖို့ လိုအပ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်မိုးရာသီမှာ စိုက်ဧက ၇ သိန်းနီးပါး စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့ အစေ့ထုတ် ပြောင်းနေရာမှာ ဘိန်းသီးနှံကို အစားထိုးစိုက်ပျိုးလာမယ်လို့ ခန့်မှန်းသူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကလျော့ကျလာစရာမရှိတဲ့အပြင် အရင်နှစ်တွေကထက် စိုက်ဧက ပိုပြီးတိုးလာဖို့ကသာ နီးစပ်လာနေပါတယ်။
နှစ် ၄၀ ကျော် ဘိန်းပပျောက်ရေးစီမံကိန်း ဘာကြောင့် မအောင်မြင်ရလဲ
မြန်မာနိုင်ငံရဲ့ ဘိန်းပပျောက်ရေးစီမံကိန်းနဲ့ ဘိန်းအစားထိုးသီးနှံစီမံကိန်းတွေက မြန်မာ့ စိုက်ပျိုးစီးပွားရဲ့ ရှေ့တန်းဈေးကွက်ကို ရောက်မလာသလို အဲ့ဒီစီမံကိန်းတွေကလည်း မအောင်မြင်ခဲ့ပါဘူး။ မူးယစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းတွေကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ တခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဆင်းတဦးကတော့ သက်ဆိုင်ရာ ဌာနတွေရဲ့ ဘိန်းအစားထိုးသီးနှံလုပ်ငန်းတွေနဲ့ပတ်သက်ပြီး “သူတို့လုပ်တာ Just For Show ပဲလေ။ သူတို့လုပ်နေတဲ့ ဘိန်းပပျောက် ရေးစီမံကိန်းဆိုတာ Just For Show ပဲ” လို့ ဆိုပါတယ်။
အစောဆုံးသိရတဲ့ ဘိန်းအစားထိုးသီးနှံကတော့ ၁၉၈၀ ပြည့်နှစ်မှာ အမေရိကန်ပြည် ထောင်စုကပေးခဲ့တဲ့ ဝါရှင်တန်နေဗယ်လို့ခေါ်တဲ့ ဆန်းကစ်သီးအပင်တွေဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာတွေ့မြင်နေကျ ပြည်ပကတင်သွင်းလာတဲ့ လုံးလုံးဝိုင်းဝိုင်းနဲ့ အရွယ်ညီတဲ့ ဆန်းကစ်သီးတွေမဟုတ်ဘဲ ဘဲဥပုံရှိပြီး ပိုပြီးအရသာကောင်းတဲ့ ဆန်းကစ်သီးတွေဖြစ်ပါတယ်။ အဲ့ဒီအပင်တွေကို ရှမ်းပြည်တောင်ပိုင်း ရွာငံနဲ့ ရေဦးနယ်တကြောမှာ လက်ရှိအချိန်ထိ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီဆန်းကစ်သီးတွေက အထွက်နှုန်းနဲ့ အရသာကောင်းမွန်ပေမဲ့ ဈေးကွက်မကျယ်ပြန့်ဘဲ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တပိဿာကို ကျပ် ၉၀၀ ကနေ ကျပ် ၂၀၀၀ အတွင်းပဲ ဈေးရခဲ့ပါတယ်။ ပြည်ပက တင်သွင်းလာတဲ့ ဆန်းကစ်သီးတလုံးကို ကျပ် ၁၅၀၀ ဖြစ်နေချိန်မှာ မြန်မာပြည်ထွက် ဆန်းကစ်သီးက တလုံးကို ကျပ် ၂၀၀ လောက်ပဲ ရရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဘိန်းအစားထိုးသီးနှံ လုပ်ငန်းတွေက ခေတ်အဆက်ဆက်မှာ ရှိခဲ့သလို ရှမ်းပြည်နယ် အရှေ့ပိုင်းမှာလည်း ဂျပန်နိုင်ငံက တင်သွင်းလာတဲ့ ပန်းဂျုံတွေက အထွက်နှုန်းကောင်းမွန်ပြီး ဒေသနဲ့ လိုက်လျောညီထွေဖြစ်ထွန်းခဲ့ပေမဲ့ ပန်းဂျုံအရက်၊ ပန်းဂျုံခေါက် ဆွဲစတဲ့ တန်ဖိုးမြှင့်ထုတ်ကုန် လုပ်ငန်းတွေ မတည်မြဲတာ ဈေးကွက်ချိတ်ဆက်မှုအား နည်းခဲ့တာကြောင့် အရည်အသွေးပြည့် မီပေမယ့် လုပ်ငန်းတွင်ကျယ်လာတဲ့ အခြေအနေမှာ မရှိခဲ့ပါဘူး။
ဒီအခြေနေကို ရှမ်းပြည်နယ်အခြေစိုက် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လုပ်ငန်းလုပ်ကိုင်သူက “တောင်သူတွေ ဘိန်းစိုက်တောင်သူတွေ ဘိန်းမစိုက်အောင်၊ ဘိန်းအစားထိုး ဆိုတာက မြန်မာစကားက သိပ်လှတာပဲ။ ဘိန်းအစားထိုးပေါ့နော်။ သူတို့လုပ်ကြတဲ့အခါမှာ စီမံချက်ကို ကောင်းကောင်းမဆွဲဘူး။ ဆွဲလိုက်တဲ့ စီမံချက်အပေါ်မှာလည်း ထိထိရောက်ရောက် အားထည့်ပြီးလုပ်တာမရှိခဲ့ဘူး။ ဆိုပါစို့ ပန်းဂျုံဝေလိုက်တယ်။ ဟိုဘက်ကို ဂျပန်ကို ပန်းဂျုံ ပို့မယ်ဆိုတာကလည်း သူက G to G မဟုတ်ဘူး။ ဟိုဘက်က ကုမ္ပဏီနဲ့ တို့ G နဲ့ ဆက်သွယ်ပြီးတော့မှ သဘောတူညီချက်နဲ့ ရောင်းဝယ်တာမျိုးမဟုတ်ဘဲနဲ့ ဟိုဘက်က ဝယ်ချင်ဝယ်မယ်၊ မဝယ်ချင်မဝယ်ဘူးဆိုတဲ့ ဒီလိုပုံစံနဲ့သွားပြီးတော့မှ လုပ်ကြတဲ့အခါမှာ တကယ်တမ်းပန်းဂျုံဆိုတာ ကြောက်ခမန်းလိလိကို အထွက်နှုန်းကောင်းတယ်။ ဒီတိုင်းပဲ မြေကြီးပေါ် ပစ်ကြဲလိုက်တာနဲ့ အပင်ပေါက်ပြီးတော့မှ အချိန်တိုတိုအတွင်းမှာ ဒီဟာ ဖြစ်တယ်။ အဲ့တော့ တကယ်ပြောရမယ်ဆိုရင်တော့ ဂျပန်တနိုင်ငံလုံးကို ဒါထုတ်ပေးလို့ရတယ်။ တကယ်တမ်းပြောမယ်ဆိုရင် ဂျပန်က ကုန်ကြမ်းဝင်သွားရုံ လုပ်မယ့်အစား မြန်မာနိုင်ငံမှာ စက်ရုံလာတည်လို့ရတယ်။ သူက မုန့်တွေလုပ်လို့ရတယ်။ ခေါက်ဆွဲတွေ လုပ်လို့ရတယ်။ အရက်လည်းချက်လို့ရတယ်။ အဲ့စက်ရုံတည်ပြီး ဒီမှာတင် ဂျပန်တံဆိပ်ရိုက်ပြီး သူတို့ စက်ရုံတွေကို လှမ်းပို့ပေးမယ်ဆိုရင်ဒီတောင် သူတွေက စိုက်ပျော်တာပေါ့ကွယ်။ အဲ့လိုအဆင့်ရအောင်လည်း ဘယ်သူမှလည်းတွန်း အားမပေးဘူး။ အဲ့တော့ ခေတ်အဆက်ဆက်အစိုးရက မည်ကာမတ္တပဲ လုပ်စားနေကြတာ။”
ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနကနေ နောက်ဆုံးသိရတဲ့ စာရင်းဇယားတွေအရ ဘိန်းပပျောက်ရေး စတုတ္ထငါးနှစ်စီမံကိန်း အစီရင်ခံစာမှာတော့ ပြည်ထောင်စုရန်ပုံငွေနဲ့ မြို့နယ်ပေါင်း ၅၂ မြို့နယ်မှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွကို ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာအရ ကချင်ပြည်နယ်ရှိ ဝိုင်းမော်၊ မိုးညှင်း၊ တနိုင်း၊ ဖားကန့်၊ ချီဖွေ၊ ပူတာအို စတဲ့မြို့နယ်တွေမှာ လည်းကောင်း၊ ကယား (ကရင်နီ) ပြည်နယ်ရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုစတဲ့ မြို့နယ်တွေမှာလည်းကောင်း၊ ချင်းပြည်နယ်ရှိ တွန်းဇံ၊ တီး တိန်မြို့နယ်တွေမှာလည်းကောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကွန်ဟိန်း၊ မိုင်းပန်၊ လင်းခေး၊ ဆီဆိုင်၊ ဖယ်ခုံ၊ မိုင်းကိုင်၊ ဟိုပုံး၊ မိုးနဲ၊ ပင်လောင်း၊ ကျေးသီး၊ ညောင်ရွှေ၊ နမ့်စန်၊ မိုင်းရှူး၊ လဲချား၊ မောက်မယ်၊ ပင်လုံ၊ ကလော၊ တောင်ကြီး၊ လွိုင်လင်၊ နောင်တရား စတဲ့ မြို့နယ်တွေ၊ ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ မူဆယ်၊ ကွမ်းလုံ၊ နမ္မတူ၊ နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မိုးမိတ်မြို့နယ်တွေ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပျဥ်း၊ မိုင်းခတ်၊ တာချီလိတ်၊ မက်မန်း စတဲ့မြို့နယ်တွေမှာလည်း ဘိန်းအစားထိုး စိုက်ပျိုးရေးလုပ်ငန်းတွေ အကောင်ထည်ဖော်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
အဲ့ဒီစီမံကိန်းအရ ဘိန်းအစားထိုးသီးနှံတွေအဖြစ် ဖြန့်ဖြူးပေးတဲ့ နှစ်ချင်းသီးနှံတွေမှာ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ အစေ့ထုတ်ပြောင်း၊ စပ်မျိုးစပါး စတာတွေကိုဖြန့်ဖြူးပေးခဲ့ပြီး နှစ်ရှည်သီးနှံတွေမှာ ရှောက်၊ သုံပုရာ၊ ထောပတ်၊ လက်ဖက်၊ ကော်ဖီ၊ ရာဘာ၊ နဂါးမောက်၊ လိမ္မော်၊ သရက်၊ ဒညင်း၊ ချဉ်စော်ကားသီးစတဲ့ သီးနှံမျိုးတွေ ပါဝင်ပြီး သင်တန်းတွေ၊ စမ်းသပ်စိုက်ကွက်တွေနဲ့ စိုက်ပျိုးမြေဖော်ထုတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပြီး ကျပ်ငွေ လေးဘီလီယံနီးပါး အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
UNODCလို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဘိန်းစိုက်ပျိုးမှုပပျောက်ဖို့ အစားထိုး အသက်မွေးလုပ်ငန်းတွေ ဖြစ်လာအောင် အကူညီပေးနေတာတွေရှိပါတယ်။ အခုကာလမှာတော့ ဘိန်းစိုက်ပျိုးတဲ့ဒေသတွေအထိ အကူညီပေးရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဝန်ထမ်းတချို့ကတော့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ဖြေကြားတာကလွဲလို့ တခြားသတင်းအချက်အလက် ဖြေကြားဖို့ကိုတော့ ငြင်းဆန်လာကြပါတယ်။
မြန်မာစစ်တပ်အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့အသီးသီးက တောင်သူ့ဆီက ငွေကြေးနဲ့ ဘိန်းစိမ်းကို ဘိန်းခွန်အဖြစ် ရယူပြီး ဘိန်းစိုက်ခွင့်ပြုနေတာက အစားထိုးသီးနှံစိုက်ပျိုးဖို့ ငွေကုန်ကြေးကျခံ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေက အဓိပ္ပာယ်မဲ့ ကုန်ကျနေတာမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၄၀ ကျော် ဆောင်ရွက်လာတဲ့ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးလုပ်ငန်းတွေက အပြသက်သက်ပဲ ဖြစ်တယ်လို့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး လုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထဆောင်ရွက်နေသူတွေက သုံးသပ်ထားပါတယ်။
ကမ္ဘာ့ထိပ်တန်းဘိန်းစိုက်ပျိုးသူအဖြစ် မြန်မာနိုင်ငံကို သတ်မှတ်ဖို့ တနှစ်အလိုမှာထုတ်ပြန်ခဲ့တဲ့ UNODC ရဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဆင်းရဲမွဲတေမှုက ဘိန်းစိုက်ပျိုးရခြင်းရဲ့ အဓိကကျတဲ့ အကြောင်းပြချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျပ်ငွေတန်ဖိုး ကျဆင်းလာတာ၊ ပို့ ကုန်ရငွေတွေအပေါ်မှာ အပြည့်အဝခံစားခွင့်မရှိဘဲ ရာခိုင်နှုန်းဖြတ်ပြီး လက်ဝါးကြီးအုပ် ခြယ်လှယ်တာ၊ စက်သုံးဆီဈေးတွေ မြင့်တက်လာတာ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရတာစတဲ့ အထွေထွေအကျပ်တည်းတွေကြောင့် နိုင်ငံသူ၊ နိုင်ငံသားအများစု မီခိုနေကြရတဲ့ လယ်ယာထွက်ကုန်အခြေပြု စိုက်ပျိုးစီးပွားလုပ်ငန်းတွေကို တိုက်ရိုက် ထိခိုက်လာရပါတယ်။ လက်ရှိ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်ကထုတ်ပြန်လိုက်တဲ့ စီးပွားရေး တိုးတက်မှုနှုန်းကလည်း ၂ ရာခိုင်နှုန်းပဲရှိလို့ အားရစရာကောင်းတဲ့အခြေအနေမှာ ရှိမနေပါဘူး။
ဘိန်းစိုက်နေဦးမယ့် မြန်မာနိုင်ငံ
ဒါကြောင့် ဘိန်းစိုက်ပျိုးမှုများပြီး ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စီမံကိန်းဝင်မြို့နယ် ၅၂ မြို့မှာပါ ဝင်တဲ့ ပင်လုံမြို့က မိရိုးဖလာဘိန်းစိုက် တောင်သူတဦးကတော့ တခြားသီးနှံ၊ တခြားအသက်မွေးလုပ်ငန်းကို ပြောင်းလဲဖို့မရှိပဲ ဘိန်းကိုပဲ တောင်ပေါ်တလှည့်၊ ရေခြံတလှည့်နဲ့ တရာသီပြီးတရာသီ ဆက်လက်စိုက်ပျိုးနေမှာဖြစ်တယ်လို့ ဆိုပါတယ်။
“မပြောင်းဘူး။ အလုပ်က အဲ့အလုပ်ပဲ ရှိတယ်။ တခြားအလုပ်က လက်ဖက်ခြောက် အပင်တွေလည်း သိပ်မရှိဘူးလေ၊ ခုတ်ပစ်လိုက်တာ၊ ဘိန်းခြံပဲလုပ်တယ်။ တချို့လူလည်း မခုတ်ဘူး၊ ဒီလိုမျိုးပဲ စိုက်ပျိုးမှာပဲ၊ ဒီအတိုင်းပဲလုပ်ရမှာ။ မိုးကျရင်တောင်ပေါ် အလုပ်ပြန်လုပ်ပေါ့ အဲ့လိုမျိုး။”
မြန်မာပြည်ဟာ ကမ္ဘာ့အလယ်မှာ ထိပ်တန်းဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံအဖြစ် မျက်နှာငယ်ရပေမဲ့ မြန်မာ့စိုက်ပျိုးစီးပွားမှာတော့ လတ်တလော အခြေအနေတွေအရ စီးပွားဖြစ် စိုက်ပျိုးနေတဲ့ တခြားသီးနှံ အမျိုး ၆၀ ထက်ဈေးကွက်သေချာတာ၊ လမ်းပန်းဆက်သွယ် ရေးပိတ်ဆို့ဟန့်တားမှုမရှိတာ၊ သယ်ယူပို့ဆောင်ရာမှာ ဝန်ကျဥ်းတာ၊ အအေးခန်း မလိုဘဲ နှစ်ပေါက်အောင် သိုလှောင်သိမ်းဆည်းနိုင်တာ စတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ဒါကြောင့် အခုလို ပြည်တွင်းစစ်မီးက တကျော့ပြန် နေရာအနှံ့ တောက်လောင်ချိန်မှာတော့ ဘိန်းစိုက်ပျိုးမှုဟာ ဈေးအကျဘက်ကို အနည်းငယ်အပြောင်းအလဲဖြစ်ရင်တောင်မှ စိုက်ပျိုးထုတ်လုပ်မှုက တိုးလာနေဦးမှာ ဖြစ်ပါတယ်။