Home
မြန်မာသတင်း
ထိုင်းတွင် ၆ ဘီးကားမှောက်ပြီး မြန်မာ ၁၄ ဦး ဒဏ်ရာရ၊ အဝေးပြေးကားထဲ ပုန်းအောင်းလိုက်ပါသူ ၄၇ ဦး ဖမ်းဆီးခံရ
DVB
·
April 1, 2024
MyanmarArrestedInThai_01042024

ထိုင်းနိုင်ငံ၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ ဧပြီ ၁ ရက် ဒီနေ့မနက်စောစောက တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကားတစီး တိမ်းမှောက်သွားပြီး ကားပေါ်ပါလာသူတွေထဲက ၁၄ ဦး ဒဏ်ရာရသွားတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းအရ သိရပါတယ်။

ဆန်ခလပူရီမြို့နယ်၊ ပလန်ဖယ်အုပ်စု အမှတ် ၃၂၃ လမ်းမကြီးပေါ်မှာ ဒီနေ့မနက် ၁၂ နာရီ မိနစ် ၃၀ (မနေ့ညသန်းခေါင်ကျော်) က ယာဉ်မတော်တဆ တိမ်းမှောက်တယ်လို့ သတင်းရတဲ့အတွက် လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့  ဆန်ခလပူရီ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ပရန်ဖယ်အုပ်စု ကျန်းအော့စစ်ဆေးရေးဂိတ် မရောက်ခင် တစ်ကီလိုအကွာ လမ်းအကွေ့မှာဖြစ်ပြီး အပြာရောင် အီစူဇူး ခြောက်ဘီးကားတစီး တိမ်းမှောက်နေကြောင်း၊ အနီးနားမှာလည်း ထိခိုက်ဒဏ်ရာရသူတွေ ပြန့်ကျဲနေကြောင်း၊ စုစုပေါင်း ၁၄ ဦးရှိပြီး သူတို့ကို ရှေးဦးသူနာပြုစုပေးကာ ဆန်ခလပူရီဆေးရုံကို ပို့ပေးခဲ့ကြောင်းနဲ့ ယာဉ်မောင်းကတော့ ထွက်ပြေးသွားကြောင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ဆေးချက်အရ အဆိုပါကားပေါ်မှာ တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၂၁ ဦး အမျိုးသမီး ခုနှစ်ဦးနဲ့ ကလေးတဦး စုစုပေါင်း ၂၉ ဦး လိုက်ပါလာပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့ မြန်မာပွဲစားနဲ့ အဆက်အသွယ်ရပြီး ဘုရားသုံးဆူဘက်ကနေ လမ်းလျှောက်ပြီးဝင်ခဲ့ကာ နယ်စပ်မှာ ခြောက်ဘီးကားက လာကြိုပြီး  လမ်းအကွေ့ တနေရာမှာ ခုလို မတော်တဆ တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

ဆန်ခလပူရီဆေးရုံ တင်ထားတဲ့ ၁၄ ဦးထဲက ကိုးဦး ဆေးရုံကဆင်းခွင့်ပြုပြီး ကျန် ငါးဦးကတော့ ဒဏ်ရာပြင်းလို့ ဖဟွန်ဖွန်းဖယုဆေနား ဆေးရုံကို ဆက်ပို့ထားပါတယ်။

ထွက်ပြေးတဲ့ကားသမားကို လိုက်လံစုံစမ်းနေဆဲဖြစ်ပြီး တရားမဝင်မြန်မာတွေကိုတော့ လဝက ဥပဒေနဲ့ အရေးယူဖို့ ဆန်ခလပူရီရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသားတွေ အမြဲလို အဖမ်းခံနေရတာမှာ မတ် ၃၀ ရက်ကလည်း မနက် ၆ နာရီကနေ သန်းခေါင်ကျော်ထိ နေရာပေါင်း ငါးနေရာကနေ လူပေါင်း ၁၁၉ ဦး၊ ကားငါးစီးနဲ့ လမ်းပြ ယာဉ်မောင်းသုံးဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါ ငါးနေရာမှာ ကန်ကျနပူရီခရိုင်၊ ထောင်းဖာဖုမ်းမြို့နယ်၊ ထာ့ခနွန်အုပ်စု တခုတည်းမှာဖြစ်ပြီး ကားငါးစီးဖမ်းမိပေမဲ့ ယာဉ်မောင်းနှစ်ဦးက ထွက်ပြေး လွတ်မြောက်သွားတာကြောင့် သုံးဦးသာ ဖမ်းမိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းတာကြောင့် လူငယ်လူရွယ် အများအပြား ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာလို့ အဖမ်းခံရတာလည်း နေ့တိုင်းလို ရှိနေပါတယ်။

မတ် ၃၀ ရက် ည ၁၁ နာရီခွဲလောက်မှာလည်း ထိုင်းမြောက်ပိုင်း ဖရဲ့ခရိုင်၊ ဒိန်ချိုင်းမြို့နယ် ဟွေ့လိုက် စစ်ဆေးရေးဂိတ်မှာ အဝေးပြေးနှစ်ထပ်ကား ပစ္စည်းတင်တဲ့နေရာကနေ ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာ ၄၇ ဦး ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မြန်မာ ၄၇ ဦးထဲမှာ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၄ ဦး ပါရှိပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်ရွယ်ထိ ဖြစ်ပါတယ်။

ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ တာချီလိတ်-မယ်ဆိုင်ဘက်ကနေ ဝင်လာတာဖြစ်ပြီး ပွဲစားခ တဦးကို ဘတ် ၁၀,၀၀၀ မှ ၁၅,၀၀၀ နှုန်း ပေးရကာ အဝေးပြေးကားကလည်း သဘောတူတဲ့အတွက် အထုပ်အပိုးတွေထားတဲ့ အောက်ထပ်ခန်းကနေ ခေါ်လာခဲ့တာလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: Kanchanaburi News/ThaiRath News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013