ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို လီဗာကူဆင်အသင်းက ရယူနိုင်ပြီဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်နည်းပြ သောမက်စ်တူဟယ်က ဝန်ခံစကားဆိုသွားပါတယ်။
ဒီတပတ်မှာ ကစားသွားတဲ့ ဂျာမန်လိဂ်ပွဲစဉ်တွေမှာ လီဗာကူဆင်အသင်းက အနိုင်ရခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။
အဲဒီရှုံးပွဲကြောင့် ဘိုင်ယန်အသင်းက လက်ကျန်ပွဲစဉ် ၇ ပွဲအလိုမှာ ၁၃ မှတ်အထိ ကွာဟသွားခဲ့ရ တာပါ။
ဘိုင်ယန်မြူနစ်အသင်းက ချန်ပီယံပြေးလမ်းကနေ ထွက်ခွာခဲ့ရပြီလားဆိုတဲ့ မေးခွန်းအပေါ် နည်းပြ တူဟယ်က သိသာထင်ရှားကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး နောက်ထပ်အမှတ်တွေ ရေတွက်စရာ မလိုတော့ကြောင်း၊ လီဗာကူဆင်အသင်းအတွက် ဂုဏ်ပြုကြောင်း သောမက်စ်တူဟယ်က ပြောသွားတာပါ။
လီဗာကူဆင်အသင်းဟာ လက်ကျန် ၇ ပွဲမှာ သုံးပွဲ အနိုင်ရရုံနဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဂျာမန်ဘွန်ဒက်စ်လီဂါဆုကို ဆွတ်ခူးနိုင်တော့မှာ ဖြစ်ပါတယ်။
Photo-Reuters