Home
မြန်မာသတင်း
အင်းလေးတွင် မျှော့ကို ဈေးကောင်းပေး ဝယ်ယူနေ
DVB
·
March 31, 2024
Inlay Slug_31032024
InLay_31032024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ မျှော့ကို ဈေးကောင်းပေးပြီး ပွဲစားတွေက ဝယ်ယူနေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

မျှော့အရှင် တပိဿာ ၈၀,၀၀၀ ကျပ်နဲ့ ပွဲစားတွေက အိမ်အထိ အလုအယက် လာရောက် ဝယ်ယူနေတယ်လို့ ပြောပါတယ်။

“ခုနောက်ပိုင်း အင်းထဲ ငါးရှားလာတယ်။ ငါးရှာဖမ်းတာက ပိုပြီးခက်ခဲတယ်။ မျှော့ရှာရင် မျှော့ ၁၀ ကျပ်သားဆို ၈,၀၀၀ ရပြီလေ။ ဒါကြောင့် ငါးမရှာတော့ဘဲ မျှော့ကိုပဲ အဓိက ရှာဖမ်းကြတယ်”လို့ အင်လေးဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အင်းလေးမှာ ခရီးသည် နည်းပါးလာလို့ စက်လှေမောင်း၊ ဈေးရောင်းတဲ့ အလုပ်တွေ ရပ်နားလိုက်ရတယ်လို့ ပြောပါတယ်။ 

အင်းလေးဒေသခံ အမျိုးသမီးတဦးက “မျှော့ကို ပွဲစားတွေ လာဝယ်တာ ၃ နှစ်လောက်ရှိပြီ။  အရင်နှစ်တွေက တပိဿာ ၃၀,၀၀၀ လောက်ပဲ ရပေမယ့် အခုနှစ်က ၈၀,၀၀၀ ရတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းကြောင့် ကျမတို့ အလုပ်က နားခဲ့ရပြီ။ စားဝတ်နေရေး ခက်ခဲကြတဲ့အချိန်မှာ သူများ မျှော့ဝယ်တော့ မျှော့ရှာဖမ်းတဲ့အလုပ်က ကျမတို့အတွက်တော့ တခဏ စားဝတ်နေရေး အဆင်ပြေစေတယ်”လို့ ပြောတယ်။

အခုတော့ မျှော့ကို ဈေးကောင်းပေးပြီး အလုအယက် ဝယ်ယူတာကြောင့် မျှော့ရှာဖွေသူများလို့ မျှော့လည်း နည်းပါးလာပြီလို့ ဒေသခံက ပြောပါတယ်။

မျှော့ကို အင်းထဲမှာပဲ ငါးဖမ်းပိုက်တွေနဲ့ ဖမ်းကြရပြီး ရွှံ့များတဲ့နေရာတွေမှာတော့ လက်နဲ့ပဲ ဖမ်းယူကြတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဆီကို အဓိက ပို့တယ်လို့ သိရပြီး တိုင်းရင်းဆေးကုသနည်းမှာ အသုံးပြုကြသလို သွေးတိုး၊ ဆီးချိုရောဂါသမားများကို သွေးစုပ်ထုတ်တဲ့နေရာမှာ အသုံးပြုတယ်လို့လည်း အင်းလေးဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013