ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မတ် ၃၀ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်တုန်း ကြောက်လန့်ထွက်ပြေးကြရင် အမျိုးသမီးတယောက် ဆိုင်ကယ်မှောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နတ်ကြီးစင်အနီးက လောင်းကစားရုံနားမှာ မွန်းလွဲ ၃ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဘာသတင်းရလို့လဲ မသိဘူး။ နတ်ကြီးစင်အဆင်း ဆိုင်ကယ် ပွဲစားတန်းနားလေးမှာ စစ်သားတွေ အယောက် ၃၀ ကျော်လောက်ရှိမယ်။ လမ်းဟိုဘက်ဒီဘက်တွေမှာ နေရာယူထားတာ။ လူတယောက်က ဖုန်းနဲ့ရိုက်နေတာ မြင်သွားတော့ လိုက်ပစ်တာ။ လူတွေလည်း ဝရုန်းသုန်းကား မောင်းပြေးကြတာ။ အဲနားလေးမှာသူတို့က မထင်ရင်မထင်သလိုစစ်နေကျ။ လောင်းကစားရုံလည်းရှိတယ်။ အဲဒီလူတော့လွတ်သွားတယ်။ ကြောက်အားလန့်အားနဲ့ ဆိုင်ကယ်တွေမောင်းပြေးကြတာ။ ဒေါ်ခင်ဦးဆိုတဲ့ အသက် ၅၀ ကျော်အရွယ်အမျိုးသမီး တယောက် ဂျူဗလီလမ်းမှာ ဆိုင်ကယ်မှောက်ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့သေဆုံးသွားခဲ့တာ” လို့ ပြောပါတယ်။
ဒေါ်ခင်ဦးဟာ ဆယ်အိမ်မှူးကတော်ဖြစ်တယ်လို့လည်းသိရပြီး နာရေးကို ဒီနေ့ မတ် ၃၁ ရက်နေ့
နေ့လယ်ပိုင်းမှာ ဗန်းမော်မြို့၊ ကြက်ပေါင်ခြံသုသာန်မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ညအချိန်တွေမှာလည်း ကင်းပုန်းဝပ်တာ၊ လမ်းသွားလမ်းလာတွေကို ပစ်ခတ်ဖမ်းဆီးတာတွေလုပ်သလို လွန်ခဲ့တဲ့ ၃ ရက်လောက်ကလည်း ၂ မိုင်ဘက်က ပြန်လာတဲ့ လူငယ် ၅ ယောက်လောက်ကို ညဘက်မှာ ဖမ်းဆီးခဲ့ပြီး အခုထိ ပြန်မလွတ်လာသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။