Home
မြန်မာသတင်း
ပုသိမ်တွင် စစ်မှုထမ်းကိစ္စဖြင့်လာသည့် နယ်မြေမှူး ရိုက်နှက်ခံရ
DVB
·
March 31, 2024
Pathein SACPolice_31032024

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၅ ရပ်ကွက်ကို စစ်မှုထမ်းမဲနှိုက်ဖို့ကိစ္စနဲ့လာတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဒိုဘီချောင်နယ်မြေမှူး မိုးကျော်ဦးဟာ မတ် ၃၀ ရက် မနေ့ညနေပိုင်းက ရိုက်နှက်ခံရပြီး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတယောက်က “အမည်မသိ အမျိုးသား ၁ ယောက်က ရိုက်သွားတာ။ ရိုက်ပြီးတော့ ထွက်ပြေးသွားတာ။ ခေါင်းကိုထိတာ။ Mask တပ်ထားတော့ ဘယ်သူ ဘယ်ဝါဆိုတာ မသိပါဘူး။ စစ်မှုထမ်း မဲကိစ္စနဲ့လာတဲ့အချိန် အရိုက်ခံရတာ။ အခုတော့ မိုးကျော်ဦး ဆေးကုသမှု ခံယူနေရတယ်” လို့ ပြောပါတယ်။

အဲဒီလိုရိုက်နှက်ခံရပြီးနောက် စစ်ကောင်စီတပ်က အမှတ် ၅ ရပ်ကွက်နဲ့ မြို့အဝင် အထွက် နေရာတွေမှာ မတ် ၃၀ ရက်နဲ့ ၃၁ ရက်တို့မှာ ဧည့်စာရင်း စစ်ဆေးတာ၊ နေအိမ်တွေထဲ လိုက်လံရှာဖွေတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “စကစ အကောင်တွေက ခြင်ထောင်ထဲအထိ လိုက်ရှာနေတာ။ သူတို့ အကောင်ထိတော့ ဒေသခံတွေကို ရိုက်တဲ့သူကို သိလား၊ မလိမ်နဲ့ ဝှက်ထားပေးရင် ဖမ်းမယ်လို့ ခြိမ်းခြောက်နေတာ။ ဒီနေ့လည်း စစ်ကားတွေနဲ့ လှည့်ပတ်စစ်ဆေးနေတာ။ မဲကိစ္စမှာသူနဲ့ အုပ်ကြီးက အဆိုးဆုံးပဲ။ လုပ်ရပ်လွန်လာရင်တော့ ဘယ်သူမှ မခံဘူး” လို့ ပြောပါတယ်။

အဲဒီ အရိုက်ခံရတဲ့ နယ်မြေမှူး မိုးကျော်ဦးနဲ့ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းထွေး ဆိုသူတို့ဟာ ဒေသခံတွေအပေါ် စစ်မှုထမ်းကိစ္စနဲ့ အမျိုးမျိုးဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အတည်ငြိမ်ဆုံး တိုင်းတခုဖြစ်လို့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ပုသိမ်ရွှေမုဋ္ဌောဘုရား လာဖူးတဲ့အချိန် ဂေါပကဖွဲ့ကို တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ဒေသခံတွေ စုနေတဲ့တိုင်း ဖြစ်တယ်လို့ ချီးကျူး ပြောဆိုခဲ့ဖူးပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013