မြောက်ဒဂုံမြို့နယ် ၃၀ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲဇနီးဖြစ်သူတို့ ဒီနေ့ နေ့လယ် ၂ နာရီခွဲက သေနတ်နဲ့ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
၃၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စန္ဒာအေးတို့ နေအိမ်ကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆီကို ဘေးတွဲဆိုင်ကယ်နဲ့ထွက်လာတုန်း နေအိမ်အနီးမှာ သေနတ်နဲ့ပစ်ခံရတာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ဘေးတွဲနဲ့ လမ်းထဲကထွက်လာတဲ့အချိန် သေနတ်နဲ့ပစ်တာ၊ အုပ်ချုပ်ရေးမှူးက ပွဲချင်းပြီး သေတယ်။ သူ့မိန်းမက ၂ ချက်ထိတယ်၊ မသေဘူး။ ဒါပေမဲ့ စိုးရိမ်ရတယ်။ မင်္ဂလာဒုံစစ်ဆေးရုံကို ခေါ်သွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနဲ့ ဒဏ်ရာရသူ ဒေါ်စန္ဒာအေးတို့ကို လူနာတင်ယာဥ်နဲ့ အမှတ် ၂ စစ်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
“သူနေတဲ့ လမ်းမှာပဲ ပစ်ခံရတာ။ အုပ်ချုပ်ရေးမှူး ကျည် ၅ ချက်ထိပြီး သေတာ၊ သူ့မိန်းမက ကျောကုန်း ၁ ချက် ရင်ဘတ် ၁ ချက်ထိတာစိုးရိမ်ရတဲ့ အနေအထားမို့လို့ စစ်ဆေးရုံကို ခေါ်သွားတာ” လို့ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ရဲတွေက သေနတ်ပစ်ခတ်မှုဖြစ်တဲ့ ဗိုလ်ဇင်ယော် ၁ လမ်းမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်မှာ မတ်လအတွင်း မြောက်ဥက္ကလာ၊ အင်းစိန်၊ မှော်ဘီနဲ့ ကျောက်တံတားမှာ ဗုံးပေါက်ခဲ့ပြီး အမျိုးသမီးကြီး ၁ ယောက်နဲ့ကလေးငယ် ၂ ယောက် သေဆုံးကာ ဆယ်ကျော်သက်အရွယ်လူငယ် ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။