ရန်ကုန်-မန္တလေးအမြန်လမ်းမှာ မတ် ၃၀ ရက် မနေ့က ဒုရဲမှူးတဦးကားတိုက်ခဲ့ရပြီး သေဆုံးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၈၁/၁ နဲ့ ၂ ကြားမှာ မတ် ၃၀ ရက်နေ့ မနက် ၂ နာရီကျော်က သံဖြူဇရပ်ဒုရဲမှူး ကျော်စိုးမိုး ကားလမ်းဖြတ်ကူးတဲ့အချိန် ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။
အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တဦးက “မှန်လုံနဲ့လာရင်း အညောင်းအညာပြေဆန့်ဖို့ ကားနားတဲ့အချိန် အပေါ့သွားမယ်ဆိုပြီး ကားလမ်းကူးတဲ့အချိန် ကားတစီးကဝင်တိုက်သွားတာ။ မှောင်နေတုန်းပဲအချိန်ဆိုတော့ ဘာကားအမျိုးအစားက တိုက်သွားတာဆိုတာ ဘေးကသူတွေလည်း မတွေ့ရဘူး။ နေရာမှာပဲ ပွဲချင်းပြီးသေသွားတာပါ” လို့ပြောပါတယ်။
သံဖြူဇရပ် ဒုရဲမှူးကျော်စိုးမိုးဟာ သံဖြူဇရပ်ကနေ မန္တလေးမှာ သင်တန်းသွားတက်တဲ့အချိန် ယာဉ်တိုက်မှုဖြစ်ပြီးသေသွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
သေဆုံးခဲ့တဲ့ သံဖြူဇရပ်ဒုရဲမှူးအလောင်းကို အမြန်လမ်းရဲတပ်ဖွဲ့က ယာဉ်တိုက်မှုဖြစ်တဲ့နေရာကနေ သယ်ဆောင်သွားခဲ့ပေမယ့် ဘယ်ကိုသယ်သွားတယ်ဆိုတာတော့ မသိရပါဘူး။