ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လွိုင်ကော်-အောင်ပန်း ပြည်ထောင်စုလမ်းမပေါ်က နောင်ဝိုးတောင် တံတားပေါ်ကို မတ် ၃၀ ရက် မနေ့က စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ တံတားပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်တာကြောင့် တံတားပျက်စီးခဲ့ပြီး အဲဒီတံတားဟာ ရှမ်း-ကရင်နီနယ်ကို ဖြတ်သန်းသွားလာအသုံးပြုဖို့ အရေးပါတဲ့ လမ်းလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောင်ဝိုးရွာခံတယောက်က “တံတားပျက်သွားတော့ ကား၊ ဆိုင်ကယ် ဖြတ်သွားလာလို့ မရတော့ဘူး။ နောင်ဝိုးတောင်ကလည်း အရမ်းရှည်တယ်လေ။ စစ်ကောင်စီက KNDF၊ PDF တွေ ဝင်လာမှာကြောက်လို့ တမင်ဖျက်ဆီးတာ” လို့ ပြောပါတယ်။
အဲဒီတံတားဟာ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းနဲ့ နောင်ဝိုးရွာကြားမှာ ရှိပြီး ပြီးခဲ့တဲ့ မတ် ၁၈ ရက် တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဆောင်းပြောင်းရဲစခန်းနဲ့ ၁ မိုင်အကွာမှာ ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတွေနဲ့ နေ့စဉ်နဲ့အမျှ တိုက်ခိုက်နေလို့ အဲဒီဒေသတဝိုက် ကျေးရွာ ၁၇ ရွာက အရပ်သား ၂ သောင်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်နေရပါတယ်။