ရန်ကုန်၊ တိုက်ကြီးမြို့နယ်၊ ကုလားကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်နားမှာ မတ် ၃၀ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ပလုံ(အမှိုက်)ကောက်သူ မိန်းကလေးငယ် ၂ ယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က ညနေ ၄ နာရီလောက်က ကုလားကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်နားမှာ အသက် ၁၀ နှစ်ဝန်းကျင် ပလုံကောက်သူ မိန်းကလေးငယ် ၂ ယောက်ဟာ ကြွပ်ကြွပ်အိတ်အထုပ်တထုပ်ကို ဖွင့်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက်အပါအဝင် ၃ ယောက်လုံး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ပြောနေကြတာက အမျိုးမျိုးပဲ။ တချို့က စစ်တပ်က အိမ်တွေကို လာဖျက်သွားလို့ PDF အဖွဲ့တွေက လာချသွားတယ်တဲ့။ တချို့ကလည်း စစ်တပ်က ရွာကို ရှင်းချင်လို့ လုပ်တာလို့လည်း ပြောနေကြတယ်။ ဘယ်သူလုပ်တာလဲ ဆိုတာကို ခုထိမသိရဘူး။ ပြောချင်တာက အပြစ်မဲ့ပြည်သူတွေကို အခုလို ခုတုံးမလုပ်သင့်ပါဘူး။ လုံးဝကန့်ကွက်ပါတယ်” လို့ သူက ပြောပါတယ်။
ကုလားကုန်းကျေးရွာကနေအိမ်တွေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး စစ်ကောင်စီက တပ်ပိုင်မြေအဖြစ် ကြေညာခဲ့ကြောင်းနဲ့ အခုလ ၂၈ ရက်နေ့ကလည်း အိမ်ခြေ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်လုပ်မိုင်း ပေါက်ကွဲလို့ သေဆုံးခဲ့သူတွေဟာ မှော်ဘီမြို့နယ် စက်မှုဇုန်ထဲက ပလုံကောက်သူတွေ ဖြစ်ပြီး အလောင်းတွေကိုတော့ ပရဟိတအသင်းကားတွေနဲ့ မှော်ဘီဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အခုလ ၂၇ ရက် ညပိုင်းကလည်း ရန်ကုန်မြို့၊ ဆူးလေ လူကူးခုံးကျော်တံတားအနီးမှာ ဗုံးပေါက်ကွဲလို့ ပလုံကောက် ကလေးငယ် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။