Wall Street Journal သတင်းထောက် အီဗန် ဂါရှ်ကိုဗစ်ချ် ကို ယဲကာထရင်ဘာမြို့မှာ သတင်းပို့နေတုန်း ရုရှားမှာ သူလျှိုလုပ်မှု သံသယနဲ့ ဖမ်းဆီးခံနေရတာဟာ မတ်လ ၂၉ ရက်မှာ တနှစ်ပြည့်သွားပြီလို့ အိမ်ဖြူတော်က ပြောပါတယ်။
Wall Street Journal သတင်းစာကလည်း သူ့သတင်းထောက် ဖမ်းဆီးခံရခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် မတ် ၂၉ ရက်ထုတ် သတင်းစာရဲ့ ပထမဆုံး စာမျက်နှာမှာ အလွတ်စာမျက်နှာနဲ့ ထုတ်ဝေခဲ့ပါတယ်။
ရုရှား ဖက်ဒရယ်လုံခြုံရေးဌာန (FSB) က ဂါရှ်ကိုဗစ်ချ် ဟာ စစ်ရေးလျှို့ဝှက်ချက်တွေကို ရယူဖို့ ကြိုးစားနေတယ် ဆိုပြီး မော်စကိုမြို့ရဲ့ လုံခြုံရေးမြင့် လီဖှိုတိုဗို အကျဉ်းထောင်မှာ တနှစ်လောက် ထိန်းသိမ်းခံထားရတာဖြစ်ပြီး အခုသီတင်းပတ် အစောပိုင်းမှာ ရုရှားတရားရုံး တရုံးက ဂါရှ်ကိုဗစ်ချ်ရဲ့ တရားခွင်အကြို ထိန်းသိမ်းမှုကို ဇွန် ၃၀ ရက်အထိ ၃ လ သက်တမ်း ထပ်တိုးခဲ့ပါတယ်။
အဲဒီတရားခွင်ဟာ အတုအယောင် တရားခွင်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရင်းန် ယွန်-ဖြယ်ရ် က ပြောပါတယ်။ သူ့ကို ချုပ်နှောင်ထားတဲ့ အကြောင်းပြချက်ကလည်း မမှန်ကန်ဘူးလို့ ဆိုပါတယ်။
အီဗန် ဂါရှ်ကိုဗစ်ချ် ကို သူလျှို လို့ စွပ်စွဲထားတဲ့အပေါ် ကာယကံရှင် သတင်းထောက်၊ Wall Street Journal သတင်းစာတိုက်နဲ့ အမေရိကန်အစိုးရ တို့က ငြင်းဆန်ထားပါတယ်။
အသက် ၃၂ နှစ်ရှိ ဂါရှ်ကိုဗစ်ချ် ဟာ ပြီးခဲ့တဲ့နှစ် မတ် ၂၉ ရက်က (FSB) ရဲ့ ဖမ်းဆီးခြင်း ခံရပြီးနောက် ရုရှားမှာ သူလျှိုလုပ်မှုစွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ ပထမဆုံးသော အမေရိကန် သတင်းထောက် ဖြစ်လာခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေမှာ ထိန်းသိမ်းခံထားရတဲ့ ရုရှားနိုင်ငံသားတွေအတွက် အလဲအလှယ် လုပ်လို့ရနိုင်အောင် သူတို့ ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသားတွေကို အရန်သင့် အကျဉ်းချ သိုလှောင်ထားဖို့ ရုရှားက ရည်ရွယ်ထားတာပဲလို့ အနောက်သံတမန်တွေက ပြောပါတယ်။
သမ္မတ ဗလာဒီမာပူတင်က နိုင်ငံရပ်ခြားမှာ ထိန်းသိမ်းခံထားရတဲ့ ရုရှားအကျဉ်းသား တဦးနဲ့ အလဲအလှယ်လုပ်ပြီး တချိန်ချိန်မှာ ဂါရှ်ကိုဗစ်ချ်ကို ပြန်လွှတ်ပေးနိုင်တယ်လို့ ပြောကြားခဲ့ပေမယ့် အခုချိန်အထိတော့ အဲဒီသဘောတူညီချက် အကောင်အထည် ပေါ်မလာသေးပါဘူး။
Source/Photo-Reuters