ရန်ကုန်၊ သာကေတမြို့နယ်မှာ မတ် ၃၀ ရက် မနေ့က YBS ကားကို သံဃာတွေ တင်ဆောင်လာတဲ့ကားက ဝင်တိုက်ခဲ့တာကြောင့် သံဃာ ၄ ပါးနဲ့ လူ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
မနေ့ည ၉ နာရီကျော်က သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာနားမှာ သန်လျင်သဘာဝရိပ်သာက Canter ကားဟာ ဧရာဝဏ်လမ်းက ထွက်လာတဲ့ YBS ၁၃၃ ယာဉ်ကို ဝင်တိုက်ခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် YBS ၁၃၃ ယာဉ်ပေါ်က ယာဉ်မောင်း နဲ့ Canter ကားပေါ်က သံဃာ ၄ ပါး၊ လူ ၂ ယောက် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အကြင်နာတွဲလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “တိုင်းရင်းသားကျေးရွာ အကျော်မှာ YBS ကို သန်လျင် သဘာဝတရားရိပ်သာက ကားက ဝင်တိုက်လိုက်တာ။ YBS ပေါ်မှာ ခရီးသည်တွေပါပေမယ့် ယာဉ်မောင်း ၁ ဦးပဲ ဒဏ်ရာရတယ်။ သူက ဆေးရုံမသွားဘဲ အဲမှာပဲ ဆေးကုသမှုခံလိုက်တယ်။ သဘာဝရိပ်သာကားပေါ်က ယာဉ်မောင်းညပ်နေလို့ ကားဖျက်လိုက်ရတယ်။ နောက်ထပ်လူ ၁ ဦးနဲ့ ဘုန်းကြီး ၄ ပါးဒဏ်ရာရတယ်။ ဘုန်းကြီး ၁ ပါးက နံရိုးကျိုးပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ သန်လျင် သဘာဝရိပ်သားကားပေါ်က သံဃာ ၄ ပါးနဲ့ လူ ၂ ဦးကို သာကေတမြို့နယ်က လူမှုကူညီရေးအသင်းတွေက ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ခဲ့ပါတယ်။