ဟေ့ဂ် သဘောတူစာချုပ်များသည် စစ်ပွဲဆိုင်ရာ စည်းမျဥ်းနှင့် ဓလေ့ထုံးတမ်းများကို ပြဋ္ဌာန်းပေးသော ပထမဆုံး နိုင်ငံတကာသဘောတူစာချုပ်များ ဖြစ်ကြသည်။ ၁၈၉၉ နှင့် ၁၉၀၇ တွင် နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့၌ ကျင်းပသော နိုင်ငံတကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်း စစ်ပွဲများက ဤသဘောတူစာချုပ်များ ပေါ်ပေါက်လာရခြင်း၏ နောက်ခံအကြောင်းတရားများ ဖြစ်ပေသည်။
ထိုစဉ်က ဥရောပတလွှားနှင့် ဥရောပတိုက်ပြင်ပတွင် အာဏာချိန်ခွင်လျှာမှာ တည်ငြိမ်မှုမရှိ။ အမျိုးသားနိုင်ငံများ ကြီးထွားလာသည်နှင့်အမျှ ကုန်သွယ်ရေး၊ ကုန်ကြမ်းပစ္စည်းရရှိရေးနှင့် နယ်မြေတိုးချဲ့ရေးအတွက် တာဆူလာကြသည်။ အားကောင်းသော နိုင်ငံ့တပ်မတော်များ ဖြစ်စေရန် ကြိုးပမ်းလာခဲ့ကြပြီး အပြိုင်အဆိုင် လက်နက်တပ်ဆင်မှုများကလည်း တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ အထူးသဖြင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှားတို့ ဖြစ်ကြသည်။ ဂျာမနီမှာ အော်တိုဘွန်ဘစ်ဇမတ်စ် လက်ထက်တွင် စုစည်းထားသော စစ်ဝါဒကို ကျင့်သုံးခဲ့သည်။ ထိုစစ်ဝါဒအရ နိုင်ငံတနိုင်ငံသည် သူ၏အကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်စေရန် (စစ်အင်အား) စစ်တပ်ကို အဓိကထား အသုံးပြုရမည်ဖြစ်သည်။
ကနဦးခြေလှမ်းများ
၁၈၆၃ ပြည်တွင်းစစ်ကာလအတွင်း သမ္မတလင်ကွန်းသည် လိုက်ဘာကုဒ်၊ စည်းမျဥ်းပေါင်းချုပ်ကို ထုတ်ပြန်ခဲ့သည်။ ထိုကုဒ်မှာ စစ်ပွဲဆိုင်ရာ စည်းမျဥ်းများကို စုစည်းရန် ပထမဆုံး အားထုတ်မှုတခုလည်း ဖြစ်သည်။ ထိုကုဒ်မှာ နိုင်ငံရေးတွေးခေါ်ရှင် ဖရန်စစ်လိုက်ဘာက ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး အများ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့ပေသည်။ ဖရန်ကို-ပရပ်ရှား စစ်ပွဲအပြီးတွင် ရုရှားဇာဘုရင် အလက်ဇန္ဒား ၂ က ၁၈၇၄ တွင် ဘရပ်ဆဲလ်၌ ဥပရောပနိုင်ငံများညီလာခံ ကျင်းပပြီး နိုင်ငံတကာစာချုပ်တခု ရေးဆွဲရခြင်း၏ အဓိကလှုံ့ဆော်ချက်မှာ ထိုလိုက်ဘာကုဒ်ကြောင့်ဆိုလျှင် မမှားပေ။ ထိုညီလာခံကို နိုင်ငံ ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ညီလာခံ၏ ရည်ရွယ်ချက်မှာ ဥရောပရှိ အထိအရှလွယ်နေသော အာဏာချိန်ခွင်လျှာကို ပြန်လည်ထိန်းညှိရန်ဖြစ်ပြီး အနာဂတ်ကာလ စစ်ပွဲများအတွက် စည်းကမ်းချက်များ ဖွင့်ဆိုသတ်မှတ်ရန် ဖြစ်သည်။ သိမ်းပိုက်နိုင်ငံများ၏ တာဝန်များ၊ “စစ်ပြိုင်ဘက်” အဓိပ္ပာယ်ဖွင့်ဆိုမှု၊ ဝိုင်းရံခြင်းနှင့် ဗုံးကြဲတိုက်ခိုက်ခြင်း စည်းမျဥ်းများ၊ စစ်သုံ့ပန်းများကို လူသားဆန်စွာ ဆက်ဆံရမည့်အချက်များ စသည်တို့ကို ညီလာခံ၌ ချမှတ်ခဲ့ကြသည်။ ဆိုရလျှင် ထိုညီလာခံမှာ လာမယ့် ၁၈၉၉ သဟေ့ဂ် ငြိမ်းချမ်းရေးညီလာခံ၌ ပေါ်ပေါက်လာမည့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေအတွက် အခြေခံအုတ်မြစ်များ ချမှတ်ပေးနိုင်ခဲ့ပေသည်။
သို့တိုင် ဗြိတိန်၊ ဂျာမနီနှင့် စပိန်တို့မှာ ဘရပ်ဆဲလ် ကြေညာချက်ဖြင့် စည်းနှောင်ခံရမည်ကို မလိုလား၍ အတည်ပြု လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။ ထိုသို့ဖြစ်ခဲ့ပြီးနောက် နိုင်ငံတကာ အဖွဲ့အစည်းသည် သဘောတူညီချက်မူကြမ်းကို လေ့လာကာ အဆိုပြုချက် အသစ်များဖြင့် ထပ်မံပြင်ဆင် တင်ပြခဲ့သည်။ သို့ဖြင့် ထိုဥပဒေများမှာ နိုင်ငံတကာ စစ်ပွဲဥပဒေများ စုစည်းဖို့ရန် အုတ်မြစ်ချပေးနိုင်ခဲ့ပါသည်။
နိုင်ငံပေါင်းစုံ သဘောတူညီချက်
၁၉ ရာစုကုန်ခါနီးတွင် ဗြိတိန်နှင့် ဂျာမနီတို့ကြား လက်နက်ပြိုင်ဆိုင်မှုမှာ အရှိန်မြင့်မားလာခဲ့သည်နှင့် တပြိုင်နက် ငြိမ်ချမ်းရေးလှုပ်ရှားမှုများမှာလည်း ထောက်ခံမှုများ ပိုမိုရရှိလာခဲ့ပေသည်။ ၁၉ ရာစုတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးဗျူရိုကို ဖွဲ့စည်းခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့တွင် အခြေစိုက်ထားသော ထိုအဖွဲ့မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့သည်။ ထို့အပြင် လက်နက်ဖျက်သိမ်းရေး၊ ခုံရုံးဖွဲ့စစ်ဆေးရေးအတွက် အထိပါ တိုးမြှင့် လှုပ်ရှားခဲ့ကြပါသည်။ သေစေနိုင်လောက်သော ခေတ်မီလက်နက်များမှာ စစ်ပွဲ၏သဘာဝကို ပြောင်းလဲစေခဲ့သည့်အတွက် ငြိမ်ချမ်းရေးလှုပ်ရှားသူများ မဆိုထားဘိ၊ နိုင်ငံ့ခေါင်းဆောင်အချို့ကပင် ထိုဖျက်အားပြင်း လက်နက်များအပေါ် အကန့်အသတ် ထားသင့်ကြောင်း ယုံကြည်လာခဲ့ကြပါသည်။ သို့နှင့် ရုရှားဇာဘုရင် နီကိုလတ်စ် ၂ အဆိုပြုခဲ့သော ပထမ ဟေ့ဂ်ညီလာခံ ပေါ်ပေါက်လာခဲ့ပေသည်။ ထိုညီလာခံကို ၁၈၉၉ ခုနှစ်တွင် သဟေ့ဂ်မြို့တွင် ကျင်းပခဲ့ပြီး နိုင်ငံ ၂၆ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဤညီလာခံ၏ ရည်ရွယ်ချက်မှာ လက်နက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်ပြီး လက်နက်ဖျက်သိမ်းရေး ဆွေးနွေးဖို့၊ စစ်ပွဲဥပဒေများကို စုစည်းဖို့၊ စစ်ဖြစ်သည့်အခြေအနေသို့ မရောက်စေဘဲ နိုင်ငံတကာ ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ စသည်တို့ဖြစ်သည်။
လက်နက်ဖျက်သိမ်းရေးအစီအစဥ်မှာ မအောင်မြင်ခဲ့သော်လည်း စာချုပ်သုံးခုနှင့် နောက်ထပ် ကြေညာချက်အချို့ကို ထိုညီလာခံတွင် ချမှတ်နိုင်ခဲ့သည်။ ထိုအရာများကတဆင့် ပထမဆုံးသော ဟေ့ဂ်သဘောတူစာချုပ် ဖြစ်ပေါ်လာခဲ့ပေသည်။ ဟေ့ဂ်သဘောတူစာချုပ်တွင် စစ်ပွဲဆိုင်ရာ အရေးကြီးစည်းမျဥ်းများ၊ လက်နက်ချထားသော ရန်သူစစ်သားကို သတ်ဖြတ်ခြင်းမှ တားဆီးခြင်း၊ အဆိပ်ဓာတ်ငွေ့ပါသော ကျည်ဖူးကို အသုံးပြုခြင်း၊ ပူဖောင်းများမှတဆင့် ပေါက်ကွဲပစ္စည်းများ အသုံးပြုခြင်း၊ ခန္ဓာကိုယ်အတွင်းပိုင်းအထိ ပျံ့နှံ့သွားစေမည့် ကျည်ဆန်များ အသုံးပြုခွင့် စသည့်လုပ်ရပ်များအား တားမြစ်ခြင်း၊ အကာအကွယ်ပေးမှုမရှိသော မြို့များ၊ ရွာများကို တိုက်ခိုက်ခြင်းများအား တားမြစ်ပိတ်ပင်ခြင်းများ စသည့်အချက်များ ပါဝင်သည်။ ထို့အပြင် ဟေ့ဂ်မြို့၌ အမြဲတမ်းတရားရုံး တည်ထောင်ရန်ကိုလည်း ထိုညီလာခံတွင် သဘောတူညီခဲ့ကြသည်။ ထိုတရားရုံးမှာ နိုင်ငံအချင်းချင်း အငြင်းပွားမှုများကို ဖြေရှင်းရန် ပထမဆုံး တည်ထောင်လိုက်သည့် တရားရုံးတခုလည်း ဖြစ်ပေသည်။ နိုင်ငံပေါင်း ၅၀ ကျော်က ပထမဆုံး ဟေ့ဂ်သဘောတူစာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသဘောတူစာချုပ်မှာ ဂျီနီဗာသဘောတူစာချုပ်နှင့်အပြိုင် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ၏ အုတ်မြစ်တခုလည်း ဖြစ်လာခဲ့ပါသည်။
နောက်ထပ် ညီလာခံတခုကို အမေရိကန်သမ္မတ သီယိုဒို ရုစဗဲ့က ၁၉၀၄ ခုနှစ်တွင် ခေါ်ယူခဲ့သည်။ သို့သော် ရုရှား-ဂျပန် စစ်ပွဲကြောင့် အစည်းအဝေးမှာ ကြန့်ကြာခဲ့သည်။ ၁၉၀၇ ခုနှစ်ကျမှ ကျင်းပနိုင်ခဲ့ပေသည်။ ထိုညီလာခံကို နိုင်ငံပေါင်း ၄၃ နိုင်ငံမှ တက်ရောက်ခဲ့ကြသည်။ ၁၈၉၉ သဟေ့ဂ် သဘောတူစာချုပ်နှင့် ပတ်သက်၍ ကြီးမားသော အပြောင်းအလဲတော့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ပင်လယ်စစ်ပွဲနှင့် ပတ်သက်လို့ ဖြည့်စွက်ချက်တချို့ ရှိခဲ့ပါသည်။ ဗြိတိန်က ရေကြောင်း လက်နက်တပ်ဆင်မှုများကို ကန့်သတ်ဖို့ ကြိုးပမ်းခဲ့သည်။ သို့သော် ဂျာမနီက ထိုအဆိုကို ကန့်ကွက်ခဲ့သည်။
ဟေ့ဂ်သဘောတူစာချုပ်များမှာ စစ်ပွဲဥပဒေ စည်းမျဥ်းများကို ရှင်းလင်းစေသည့် စာချုပ်များ ဖြစ်သော်လည်း အားနည်းချက်များလည်း ရှိနေသည်။ အထူးသဖြင့် ယင်းစာချုပ်များတွင် စာချုပ်ဖောက်ဖျက်သော နိုင်ငံများအတွက် ပြစ်ဒဏ်များ သတ်မှတ်ထားခြင်း မရှိပေ။ ၂၀၀၂ ခုနှစ်တွင် သဟေ့ဂ်၌ နိုင်ငံတကာရာဇဝတ်တရားရုံး မတည်ထောင်ခင်အထိ စာချုပ်ကို ချိုးဖောက်သည့် အရေးယူမှုများမှာ တနိုင်ငံချင်းစီ၏ သဘောထားပေါ်တွင်သာ မူတည်ခဲ့ပါသည်။ သို့တိုင် နိုင်ငံအများစုမှာ တရားစွဲဆိုနိုင်ခွင့် တရားဝင် ပေးအပ်မထားသလို တရားစွဲဆိုလိုစိတ်လည်း မရှိခဲ့ကြပါ။
ကမ္ဘာစစ်နှစ်ခု
တတိယအကြိမ်မြောက် ညီလာခံကို ၁၉၁၄ တွင် ကျင်းပရန် မူလက စီစဥ်ထားသော်လည်း ပထမကမ္ဘာစစ်ကြောင့် နှောင့်နှေး ကြန့်ကြာခဲ့ရသည်။ ပထမကမ္ဘာစစ်တွင် စစ်ပြိုင်နိုင်ငံများက သဘောတူစာချုပ်များကို ကြီးမားစွာ ချိုးဖောက်ခဲ့ကြသည်။ ဂျာမနီသည် ဘယ်လ်ဂျီယံကို ကြိုတင်အသိမပေးဘဲ ကျူးကျော်ခဲ့သလို အဆိပ်ဓာတ်ငွေ့များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပေသည်။ ဒုတိယကမ္ဘာစစ်တွင်လည်း ထိုနည်းနှင်နှင်။ စစ်ပွဲအစမှာပင် ဥပဒေချိုးဖောက်မှု၊ အလွဲသုံးစားလုပ်မှုများက ပိုလို့ပင် ဖြစ်ပွားခဲ့သည်။ သမိုင်းတွင် အဆိုးရွားဆုံး ဂျီနိုဆိုက်ဖြစ်သည့် ဟိုလိုကော့စ်ဖြစ်ရပ်များ၊ ဝေဟင်မှ နေရာမလပ် ဗုံးကြဲမှုများ၊ စစ်သုံ့ပန်းများကို ညှဉ်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ စသည်တို့ ဖြစ်ပွားခဲ့ကြသည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဆိုဗီယက်တို့ ပူးပေါင်းကြီးကြပ်ကာ ၁၉၄၅-၄၆ တွင် နုရင်ဘတ် စစ်ခုံရုံးကို တည်ထောင်ခဲ့ကြသည်။ ထိုစစ်ခုံရုံးများမှတဆင့် နာဇီ ဂျာမနီ၏ နိုင်ငံရေး၊ စစ်ရေး၊ တရားရေး၊ စီးပွားရေး ခေါင်းဆောင်ပိုင်းများကို စစ်ဆေးစီရင်ခဲ့ကြရသည်။
ယခုအခါမှာတော့ သဟေ့ဂ် သဘောတူစာချုပ်ပါ စည်းမျဥ်းများက နိုင်ငံအားလုံးအပေါ် စည်းနှောင်မှုရှိကြောင်း စဥ်းစားလာကြပြီဖြစ်သည်။ (သူတို့အားလုံး တိုက်ရိုက် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့်တိုင်) ကမ္ဘာစစ်နှစ်ခုအတွင်း စာချုပ်ပါ စည်းကမ်းချက်များကို အတိအလင်း လျစ်လျူရှုခဲ့ကြသော်လည်း ယခုအခါမှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဥပဒေရေးရာ နိုင်ငံတကာစနစ်တခု၏ တန်ဖိုးကို နားလည်လာခဲ့ကြသည်။
ဤသည်ကပင် ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့မျိုးကို ၁၉၄၅ တွင် ထူထောင်လာခဲ့ကြခြင်း ဖြစ်သည်။ ၁၉၅၄ တွင် စစ်ပွဲအတွင်း ယဥ်ကျေးမှုပစ္စည်းများ အကာအကွယ်ပေးရေးဆိုင်ရာ သဟေ့ဂ် သဘောတူစာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤစာချုပ်အရ အနုပညာလက်ရာများ၊ သိပ္ပံဆိုင်ရာပစ္စည်းများ၊ ရှေးဟောင်းသုတေသန နေရာများ အပါအဝင် ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်များကို အကာအကွယ်ပေးရန် အချက်များ ပါဝင်လာသည်။ ဤစာချုပ်မှာ ပထမကမ္ဘာစစ်အတွင်း အနိဋ္ဌာရုံများမှ စတင်မြစ်ဖျားခံခဲ့သည်။ ပထမကမ္ဘာစစ်တွင် ရုရှားအနုပညာရှင်၊ စာရေးဆရာ နီကိုလစ်ရိုးရစ်ချ်က သိပ္ပံနှင့် အနုပညာအရ အရေးပါသော နယ်မြေများကို အကာအကွယ်ပေးရန် လှုံ့ဆော်ခဲ့သည်။ ရိုးရစ်ချ် သဘောတူညီချက်ကို ၁၉၃၅ တွင် ပန်-အမေရိကန် သမဂ္ဂက ရေးဆွဲအတည်ပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ထပ်မံကြုံတွေ့ခဲ့ရသော အနိဌာရုံများကလည်း ယဥ်ကျေးမှုပစ္စည်းများ အကာအကွယ်ပေးမည့် သဘောတူစာချုပ်တခု လိုအပ်ကြောင်း ထပ်မံသက်သေပြခဲ့ပေသည်။
၁၉၅၄ ဟေ့ဂ်သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၃၃ နိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးထားပြီး ယူနက်စကိုအဖွဲ့ကြီးမှ ကြီးကြပ် တာဝန်ယူ ဆောင်ရွက်နေသည်။ ၁၉၉၆ တွင် ဘလူးရှီးလ်ဒ် အမည်ရှိ အစိုးရမဟုတ်သော နိုင်ငံတကာကော်မတီတခုကို ထူထောင်လိုက်သည်။ ၁၉၅၄ သဟေ့ဂ် သဘောတူစာချုပ်ကို အထောက်ကူပြုရန် ဖြစ်သည်။
စစ်ရာဇဝတ်မှုများကို တရားဆွဲဆိုခြင်း သဟေ့ဂ် သဘောတူစာချုပ်မှာ စစ်ပွဲစည်းမျဥ်းများနှင့် ပတ်သက်လျှင် ယခုတိုင် အထင်ကရ မှတ်တိုင်တခုအဖြစ် ရှိနေဆဲပင် ဖြစ်သည်။ ရာဇဝတ်မှုများကို ယခုအခါ ICC (နိုင်ငံတကာရာဇဝတ်တရားရုံး) တွင် စစ်ဆေးနိုင်ပြီဖြစ်သည်။
၂၀၁၂ တွင် တရားရုံးက ၎င်း၏ ပထမဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ ကွန်ဂိုစစ်ခေါင်းဆောင် သောမတ်စ်လူဘန်ဂါကို စစ်ရာဇဝတ်မှုများအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါမှာလည်း နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စစ်ရာဇဝတ်မှုများကို စစ်ဆေးလျက်ရှိပေသည်။