အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာရဲ့ တောင်ပိုင်းက ဘိုဂေါမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ စစ်လက်နက် ကုန်လှောင်ရုံတခုမှာ မတ် ၃၀ ရက်က အကြီးအကျယ် မီးလောင်ခဲ့လို့ မီးသတ်သမားတွေက ငြှိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။
ဒေသခံရုပ်သံ ကွန်ရက် ကွန်ပတ်စ် TV က ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာ လိမ္မော်ရောင် မီးတောက်တွေနဲ့ မီးခိုးမြူတိမ်တွေ လွင့်ထွက်နေတာကို မြင်တွေ့ရပြီး မိုင်ပေါင်းများစွာ အကွာကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကို ဆက်တိုက်ကြားရပြီး ညကောင်းကင်ယံမှာ မီးတောက်တွေ မီးခိုးတွေ ထိုးတက်လာတာ မြင်ရပါတယ်။
သက်တမ်းလွန် ခဲယမ်းတွေ သိုလှောင်ရာမှာသုံးတဲ့ စက်ရုံရဲ့ တစိတ်တပိုင်းမှာ မီးလောင်ခဲ့တာ ဖြစ်ပြီး သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ စစ်ဘက် တာဝန်ရှိသူ မိုဟာမက် ဟာဆန်က ပြောပါတယ်။
ညနေ ၆ နာရီ ခွဲမှာ မီးကို စတင်ငြှိမ်းသတ်ခဲ့ပြီး နာရီအတော်ကြာအောင် အာဏာပိုင်တွေက မီးကို ငြှိမ်းသတ်ခဲ့တယ်လို့ တပ်မတော်အရာရှိ ခရစ်စတိုမေ စီယံရှာက ပြောပါတယ်။
မီးသတ်သမားတွေနဲ့ ဆေးမှူးတွေဟာ အခင်းဖြစ်ပွားရာ နေရာဆီ ဦးဦးဖျားဖျား ရောက်မလာဘူးလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
အနီးနားရှိ ရပ်ကွက်တွေက လူတွေကို အာဏာပိုင်တွေက ရွှေ့ပြောင်းပေးနေတယ်လို့ ခရစ္စတိုမေက ပြောပါတယ်။
Source/Photo-Antara Foto/Fakhri Hermansyah