ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မန်နောင်ကျေးရွာအနားမှာ မတ် ၂၉ ရက်၊ နေ့လယ်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်မ (၈၈)တို့ တိုက်ပွဲဖြစ်ပြီး တပ်မမှူး အပါအဝင် တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
(၈၈) တပ်မ ဗိုလ်မှူးချုပ်မင်းထွဋ်ဦး ပါဝင်တဲ့ စစ်ကြောင်းကို မတ် ၂၉ ရက်မှာ KIA တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ တပ်မမှူးသေဆုံးခဲ့တာလို့ KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲမှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာနဲ့ စစ်ကောင်စီဝင်တချို့ သေဆုံးတယ်လို့ KIAနဲ့ နီးစပ်သူက ပြောပေမဲ့ အရေအတွက်အတိအကျကိုတော့ မသိရပါဘူး။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသခံတဦးက “နေ့လယ်လောက်ကြီး ဖြစ်ကြတာ၊ မန်နောင်ရွာထဲမှာလည်း အလှူပွဲရှိထားတယ်။ ဘုန်းကြီးကျောင်းမှာလည်း လက်နက်ကြီးတွေ လာကျတယ်။ တချို့အလုံးတွေ မပေါက်ကွဲလို့ တော်တော့တယ်။ လက်နက်ကြီးသံတွေ၊ သေနတ်သံတွေ ဆူညံနေတာ၊ ရွာထဲဖြစ်တာတော့ မဟုတ်ဘူး၊ ရွာပြင်နားမှာဖြစ်ကြတာ။ နှင်းအီရွာဘက်တွေ မန်နောင်ရွာ၊ နောင်လိုက်ရွာဘက်တွေမှာ လက်နက်ကြီးတွေကျလို့ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင်၊ ရွာသား လေးဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်”လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း သေဆုံးခဲ့သူ (၈၈)တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦးဟာ စစ်တက္ကသိုလ် အပတ်စဉ် (၄၂) ကျောင်းဆင်းဖြစ်ပြီး ၂၀၂၄ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တုန်းက စစ်ခေါင်းဆောင်ရဲ့ စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။