Home
သတင်းဓာတ်ပုံ
“သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ" ၄ ကားတွဲ ရုပ်ရှင်ကားတိုပြပွဲ ဗန်ကူးဗားမြို့၌ကျင်းပ (ဓာတ်ပုံ) 
DVB
·
March 31, 2024
434737198_721874440118067_2703061707891937307_n
434670689_721874376784740_6601566083084697927_n
434643525_721874220118089_2113175164851383346_n
434644714_721874296784748_1162437017048973669_n
434754383_721874600118051_7904640549881990122_n
434714766_721874663451378_9065846454275182211_n

သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ဇာတ်လမ်းတို လေးကားတွဲပြပွဲကို ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့လယ်ကောင်မှာရှိတဲ့ The Cinematheque Theatre မှာ ဒေသအချိန် မတ် ၃၀ ရက် မွန်းလွဲပိုင်းက ကျင်းပပါတယ်။

Artists’ Shelter က စီစဉ်ပြီး တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေ ဖန်တီးပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို လေးကားပေါင်း ပြသပွဲနဲ့အတူ  မြန်မာအစားအစာ ဈေးရောင်းပွဲကို ကျင်းပခဲ့တာမှာ ဗန်ကူးဗားမြို့ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုတွေအပါအဝင် ပရိသတ် ၁၀၀  ကျော် အားပေးခဲ့ကြပါတယ်။ 

ရုပ်ရှင်ဇာတ်လမ်းတိုပြပွဲမှာ ဒါရိုက်တာ ဏကြီး ရိုက်ကူးပြီး မင်းသား ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ သရုပ်ဆောင်ထားတဲ့  “Guilt-ခါး”  ရုပ်ရှင်၊ ဒါရိုက်တာငြိမ်းသစ် ရိုက်ကူးပြီး သရုပ်ဆောင် အောင်မြင့်မြတ်၊ နေဇော်နိုင်၊ မြတ်နိုးအေးနဲ့ ထက်ထက်အိန္ဒြာအောင် တို့ပါဝင် သရုပ်ဆောင်ထားတဲ့ “ငါတို့မှာ ငါတို့ပဲရှိတယ်” ရုပ်ရှင်၊ ဒါရိုက်တာ စော​အေးထူး ရိုက်ကူးပြီး သရုပ်ဆောင်- Issac၊ ထက်မြတ်၊ Rey၊ ဂျပန်ကြီးနဲ့ ထက်ထက်အိန္ဒြာအောင်တို့ပါဝင်တဲ့ “Together- အတူတကွ” ရုပ်ရှင်နဲ့  ဒါရိုက်တာ မောက်ခမ်းဝါ ရိုက်ကူးပြီး သရုပ်ဆောင်  Will နဲ့ သွယ် တို့ပါဝင်တဲ့ “ The Unknown Infinity- အတိုင်းမသိ” ရုပ်ရှင်ကားတိုတို့ကို ပြသခဲ့တာဖြစ်ပါတယ်။

ကြည့်ရှုအားပေးခဲ့တဲ့ ဇာတ်ကားတို လေးကားစလုံးကို ကြိုက်နှစ်သက်ပြီး အားလုံးကောင်းတဲ့အကြောင်းနဲ့ အခက်အခဲတွေ၊ ပစ္စည်းကိရိယာ မပြည့်စုံတဲ့ကြားက ရိုက်ကူးဖန်တီးထားတဲ့ အနုပညာရှင်တွေကို ချီးကျူးတဲ့အကြောင်း လာရောက်အားပေးတဲ့ ကနေဒါရောက် မြန်မာပရိသတ်တဦးက ပြောပါတယ်။

ဒါရိုက်တာဏကြီးက “ကျနော်တို့ တော်လှန်ရေးက သုံးနှစ်ကျော်ကြာလာပြီ။ ဒါပေမဲ့ တော်လှန်ရေးက အရှိန်အဟုန်နဲ့ အားကောင်းကောင်းနဲ့ ဆက်သွားနေတုန်းပဲ။ ဒါက နိုင်ငံတကာမှာရောက်နေတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးက တော်လှန်ရေးထဲမှာ ဆက်လက်စွဲစွဲမြဲမြဲ အမြဲတမ်းပါဝင်နေလို့ သာအခုလို အားကောင်းနေတာပေါ့နော်။ အားလုံးသိတဲ့အတိုင်း အခုအချိန်ဟာ ပိုပြီး အရေးကြီးတဲ့အချိန်၊ ကျနော်တို့  သတင်းကောင်းတွေလည်း အများကြီးပဲ။ သတင်းကောင်းတွေ များလာတာနဲ့အမျှ လိုအပ်ချက်ကလည်း ပိုများတယ်ပေါ့နော်။ ဒီအချိန်မှာ အားစိုက်ပြီးတွန်းရမယ်။ ကျနော်တို့ ဒီအချိန်မှာ ကျနော်ယုံကြည်ပါတယ်။ ညီအစ်ကို မောင်နှမတွေအားလုံးလည်း ပိုပြီးအားစိုက်ပြီး ရှေ့ဆက်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ ကျေးဇူးအများကြီးတင်တယ်လို့ ပြောချင်ပါတယ်”လို့ ရုပ်သံဗီဒီယိုပေးပို့ ပြောပါတယ်။  

ရုပ်ရှင်မင်းသမီး အကယ်ဒမီ ပိုင်ဖြိုးသုကလည်း “သုသုတို့ တော်လှန်ရေး ခရီးသုံးနှစ်ကြာလာတဲ့အထိ စိတ်မလျှော့ဘဲ အားမလျှော့ဘဲနဲ့ အခုအချိန်အထိ တက်တက်ကြွကြွနဲ့ ပါဝင်ပေးနေကြတဲ့ သုသုတို့ တော်လှန်ရေးမောင်နှမတွေအ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ သုသုတို့တွေက  ဒီတော်လှန်ရေးမှာ မြေပြင်မှာ အသက်စွန့် ဘဝစွန့်ပြီး တိုက်ပေးနေတဲ့ရဲဘော်တွေရယ်၊ စွန့်လွှတ်ပြီးတော့ တော်လှန်ရေးမှာပါဝင်နေတဲ့ CDM တွေအပြင် နောက်ကွယ်ကနေ ထောက်ပို့ပေးနေတဲ့ လူတွေအကုန်လုံးကလည်း အရေးကြီးတယ်ပေါ့နော်။  တော်လှန်ရေးရဲ့ ကောင်းမွန်တဲ့အရွေ့တွေ ဆက်ဖြစ်သွားဖို့က  ဒီအင်အားစုတွေ အကုန်လုံးလက်တွဲ ညီညီလုပ်အလုပ်လုပ်မှ ရှေ့ရောက်မှာဆိုတော့ အခါကျတော့ ဒီထောက်ပို့တာဝန်ကို ယူထားပေးတဲ့သူတွေ၊ သတ္တိနဲ့ ပွင့်လန်းချစ်သောပန်းများ Film Screening ကို လာကြည့်ပေးကြတဲ့ မောင်နှမတွေအားလုံးကို ကျေးဇူးအများကြီးတင်တယ်လို့ ပြောချင်ပါတယ် ” လို့ ရုပ်သံဗီဒီယိုမှာ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်ပကိုရောက်လာတဲ့ အနုပညာရှင်တွေနဲ့ စုစည်းထားတဲ့ Artists' Shelter အဖွဲ့ဟာ နွေဦးတော်လှန်ရေးရန်ပုံငွေ ပိုမိုရရှိရေးအတွက် ရုပ်ရှင်ဇာတ်လမ်းတိုတွေကို အမေရိကန်နဲ့ ကနေဒါအပါအဝင် နိုင်ငံတကာမှာ လှည့်လည်ပြသနေတာ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013