အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့မှာ ရူပီး ၈၃ သိန်းနီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တရားခံ ၅ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ ဟွာငိုးလ်ဒေသ အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
မတ် ၂၉ ရက် ည ၁၀ နာရီအချိန်မှာ မီဇိုရမ်ပြည်နယ်ကို သယ်ဆောင်ဖို့အတွက် သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ဟွာငိုလ်းဒေသ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာပေါက်စျေး ရူပီး ၈၃ သိန်းဖိုးနီးပါး မူးယစ်ဆေးဝါးထည့်ထားတဲ့ ဆပ်ပြာဘူး ၂၂၈ ဘူး၊ ငွေသား ရူပီး ၄၃,၃၀၀၊ စမတ်ဖုန်း ၆ လုံးနဲ့အတူ တရားခံ ၅ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
တရားခံတွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ရိဒ်ခေါဒါရ်ဘက်ကို စစ်ဘေးရှောင်လာတဲ့ အမျိုးသမီး ၂ ယောက်နဲ့ ရိဒ်ခေါဒါရ်မြို့ခံ အမျိုးသား ၃ ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။
ဟွာငိုလ်းဒေသအုပ်ချုပ်ရေးမှူးက “မူးယစ်ဆေးဝါးကတော့ အဓိက က မီဇိုရမ်ဘက်ကို တင်သွင်းတယ်။ မီဇိုကတဆင့် နယူးဒေလီဘက်ကို လမ်းကြောင်းအတိုင်းသွင်းကြတယ်။ နိုင်ငံရေးအခြေအနေ မကောင်းတဲ့ကြားမှာ မူးယစ်ဆေးဝါးက ကျနော်တို့အတွက် စိန်ခေါ်မှုအကြီးကြီး ဖြစ်နေတယ်။ မီဇိုရမ်မှာ စစ်ရှောင်တွေများတော့ မူးယစ်ဆေးပြဿနာတွေကြောင့် ကျနော်တို့ စစ်ရှောင်တွေအပေါ် မြင်တဲ့အမြင်တွေ တမျိုးပြောင်းသွားတယ်။ မူးယစ်ဆေးဝါးကို မတိုက်ဖျက်နိုင်ဘူးဆို နယ်စပ်မှာနေတဲ့ စစ်ရှောင်တွေအတွက် အခက်အခဲဖြစ်စေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့နဲ့ ၁၅ ရက်နေ့ကလည်း ရိဒ်ခေါဒါရ်မြို့မှာ စိတ်ကြွရူးသွပ်ပြား ၄ သောင်း ကျော်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။