Home
မြန်မာသတင်း
ရခိုင်က မြို့နယ် ၃ ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့
DVB
·
March 31, 2024
Thay Kan Village SACAirStrike_31032024

ရခိုင်ပြည်နယ်က ရမ်းဗြဲ၊ မြေပုံနဲ့ မင်းပြားမြို့နယ်တို့ကို မတ် ၂၉ ရက်နဲ့ ၃၀ ရက်တို့မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ အပြစ်မဲ့အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၁၀ ယောက်လောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

မတ် ၂၉ ရက်နေ့ ည ၁၁ နာရီမှာ မင်းပြားမြို့နယ်က သေကံရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ် ၃၀ နီးပါးခန့် မီးလောင် ပျက်စီးသွားပြီး ဘုန်းတော်ကြီးတပါးနဲ့ အရပ်သားတယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

သေကံရွာသားတယောက်က “ညဘက်တွေဆိုလေယာဉ်နဲ့ အမြဲတမ်းဗုံးလာကြဲတယ်။ ဒီရွာဆို လေကြောင်းတိုက်ခိုက်ခံရတာ ၄ ကြိမ်ရှိပြီ။ အပြစ်မဲ့ အရပ်သားတွေကို မသေသေအောင် စစ်ကောင်စီဘက်ကနေ တမင်သက်သက် တိုက်ခိုက်နေတာ။ ရွာထဲမှာပါ အိမ်တွေပါ ဘုန်းကြီးကျောင်းပါ မကျန်တော့ဘူး။ အကုန်လုံးမီးလောင်ပျက်စီးကုန်ပြီ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရမ်းဗြဲမြို့နယ်က ဖက်ကြပ်ရွာကို မတ် ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဖက်ကြပ်ရွာက အသက် ၁၄ နှစ် ကလေးတဦး သေဆုံးပြီး အမျိုးသား တဦးနဲ့ အမျိုးသမီး တဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ရမ်းဗြဲဒေသခံ တဦးက “လေယာဉ်နဲ့ဗုံးလာကြဲတော့ အကုန်လုံး ဗုံးခိုကျင်းထဲ ဝင်ပြေးကြတယ်။ ဗုံးစထိမှန်တဲ့ ကောင်လေးကတော့ သေသွားတယ်။ တခြားအမျိုးသားတယောက်နဲ့ အမျိုးသမီးမှာလည်း ခြေထောက်မှာပါ ပေါင်မှာပါ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ပြည်သူတွေ နေထိုင်တဲ့ နေရာကိုချည်းပဲ ဗုံးလာကြဲနေတော့ ဘယ်လိုလုပ် နေလို့ရတော့မှာလဲ။ အပြစ်မဲ့ပြည်သူတွေကို မသေ သေအောင်သတ်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ မတ် ၂၉ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့ကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

မတ် ၁၈ ရက်နေ့ကလည်း မင်းပြားမြို့နယ်က သာဒါမွတ်ဆင် ကျေးရွာမှာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ မွတ်ဆလင် ၂၂ ယောက် အစုလိုက်အပြုံလိုက်သေဆုံးပြီးတော့ ၂၉ ယောက် ဒဏ်ရာရရှိသွားတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၀၂၄ မတ်လအထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် မြေမြှုပ်မိုင်းတွေကြောင့် အပြစ်မဲ့အရပ်သား သေဆုံးသူ ၂၀၀ ကျော်ရှိလာပြီးတော့ ဒဏ်ရာရရှိသူအရေအတွက်ဟာ ၅၀၀ ကျော်ရှိလာပြီလို့ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ- စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မင်းပြားမြို့နယ်၊ သေကံရွာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013