အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ ဂါဇာစစ်ပွဲအရေး ကိုင်တွယ်ပုံကို မကျေနပ်တဲ့ ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေဟာ တဲလ်အဗစ်နဲ့ ဂျေရုစလင်မြို့တွေမှာ မတ် ၃၀ နဲ့ ၃၁ ရက်က ဆန္ဒပြချီတက်ကြပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲ ၆ လနီးပါးရှိလာပြီဖြစ်သလို ဓားစားခံ ၁၀၀ ကျော်လောက် ပြန်မလွတ် သေးတဲ့အချိန်မှာ လက်ယာစွန်းအစိုးရရဲ့ ကိုင်တွယ်ပုံအပေါ် လူထုမကျေနပ်မှုက မြင့်တက်လာနေပါတယ်။
ဂျေရုစလင်မှာတော့ နေတန်ယာဟုရဲ့ နေအိမ်ကို ဆန္ဒပြသူတွေက ပစ်မှတ်ထားခဲ့ပါတယ်။ ဆန္ဒပြသူတွေက အဓိကလမ်းမကြီးတွေကို ပိတ်ဆို့ထားတာကြောင့် ရဲတပ်ဖွဲ့က အခြေအနေ ထိန်းသိမ်းဖို့ ကြိုးစားခဲ့ရတယ်လို့ လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။
မတ် ၃၁ ရက် ဂျေရုစလင်မှာ ဆန္ဒပြပွဲကြီးတွေ ဆက်လုပ်ဖို့ စီစဉ်ထားကြပါတယ်။ တဲလ်အဗစ်မြို့မှာတော့ ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တိုးခဲ့ပြီး ရေအမြောက်တွေနဲ့ ထိုးပြီး လူစုခွဲခဲ့ပါတယ်။ လူ ၁၆ ဦးအထိ ရဲက ထိန်းသိမ်းခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်းက တခြားမြို့ငယ်တွေမှာလည်း ဆန္ဒပြပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ ဟားမတ်စ်စစ်သွေးကြွတွေ လက်ထဲ အဖမ်းခံနေရတဲ့ ဓားစာခံတွေရဲ့ မိသားစုတွေလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။
အစ္စရေးသမိုင်းမှာ အစွန်းရောက်ဆုံးအင်အားစုတွေ ပါဝင်နေတဲ့ လက်ရှိ လက်ယာစွန်းအစိုးရကို နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ တချို့တွေကတော့ ဓားစာခံ လွတ်မြောက်ရေး အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ ဆွေးနွေးနေတဲ့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို လုပ်ပိုင်ခွင့်ပိုပေးဖို့ တောင်းဆိုထားပါတယ်။
Source/Photo-Reuters