Home
မြန်မာသတင်း
ဆီဆိုင်ကို ပြန်လည်ထိန်းချုပ်နိုင်ဟု စစ်ကောင်စီထုတ်ပြန်၊ လူသားဒိုင်းဖြင့် ဓာတ်ပုံဝင်ရိုက်သွားဟု PNLA ပြော
DVB
·
March 30, 2024
si 3032024

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို PNLO KNDF KPDF ပူးပေါင်းအဖွဲ့လက်ကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ဒီနေ့ မတ်လ ၃၀ ရက်မှာ ထုတ်ပြန်လာပြီး PNLA ပြောခွင့်ရ သူကတော့ စစ်ကောင်စီဟာ လူသားဒိုင်းသုံးပြီး မြို့ထဲဝင် ဓာတ်ပုံရိုက်သွားတာလို့ ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားတာဖြစ်ပြီး ဆီဆိုင်မြို့အပါအဝင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသထဲက ကျေးရွာတွေမှာ PNLO အဖွဲ့ဟာ KNDF KPDF အဖွဲ့တွေနဲ့ အင်အားစုစည်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေဖို့ တပ်မတော်စခန်း၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တပ်ဌာနချုပ်တွေနဲ့ ကျေးရွာထဲက လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို လက်နက်အားကိုးပြီး အနိုင်ကျင့်သတ်ဖြတ်တာ၊ ဒေသခံတွေရဲ့ပစ္စည်းတွေကို လုယက်ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ပြောခွင့်ရ ခွန်းရိန်းယံက “အခု ဆီဆိုင်မြို့တွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေ ဖြစ်ပါတယ်။ မြို့တွင်းထဲကို စကစက စစ်ကြောင်းထိုးလာတော့ ရှိပါတယ်။ မြို့ကို ပြန်သိမ်းနိုင်တယ်ဆိုတာတော့မဟုတ်ပါဘူး။ မြို့တွင်းဟာ စစ်ဇုန်ဖြစ်နေပါတယ်။ မနေ့ က စကစတွေ လူထုတချို့ကို လူသားဒိုင်းလုပ်ပြီး ဓာတ်ပုံဝင်ရိုက်တာ ကျနော်တို့အတိုင်းသား တွေ့ရပါတယ်။ လူထုကို လူသားဒိုင်းလုပ်ထားလို့ ကျနော်တို့ တိုက်ခိုက်မှုမပြုလုပ်တာဖြစ်ပါတယ်” လို့ ပြောဆိုပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာ အမှန်မဟုတ်တဲ့အပြင် မှားယွင်းတဲ့ သတင်းအချက်အလက် တွေကြောင့် ပြည်သူတွေရဲ့အသက်ကိုပါ ထိခိုက်လာနိုင်တယ်လို့ ဆီဆိုင်မြို့ခံတွေက တုံ့ပြန် ပြောဆိုပါတယ်။

ဆီဆိုင်မြို့ခံ အမျိုးသားတယောက်က “တကယ့်မြေပြင်မှာက သူတို့လက်နက်ကြီးပစ်နေတုန်းပဲ။ အလှူငွေတွေပေးတယ်၊ ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာက ဟိုပုံး စံဖူးဘက်မှာ လုပ်တာပါ။ ကျနော်တို့မြို့မှာမဟုတ်ဘူး မြို့ကြီးပျက်စီးသွားတာကို မတောင်းပန်တဲ့အပြင် အခုလို ထူထောင်ရေးတွေ ပြန်လုပ်ပေးနေပြီဆိုတာက တကယ်အိမ်ပြန်ချင်တဲ့လူတွေကို ပြည်သူတွေ ကို လိမ်လည်တာဖြစ်ပါတယ်။ အခုလို အခြေအနေကြီးမှာ ဘယ်သူမှ အိမ်မပြန်ရဲသေးဘူး။ ဘယ်စစ်ရှောင်မှလည်း မြို့ထဲမဝင်ရသေးပါဘူး” လို့ ပြောပါတယ်။

မတ် ၂၀ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်တွေ မြို့တွင်းနဲ့ အနီးတဝိုက်ကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီက ဆိုက်ခေါင်ကျေးရွာကနေ လက်နက်ကြီးနဲ့ပစ်ခတ်သလို လေယာဉ်တွေနဲ့ပါ မီးလောင်ဗုံးတွေ ကြဲချပြီး တိုက်ခိုက်နေတယ်လို့ မြေပြင်မှာရှိတဲ့ မြို့ခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့တွင်းမှာ ၂ လတာအတွင်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် မြို့တွင်းလူနေအိမ်နဲ့ ဘာသာရေး အဆောက်အဦပေါင်း ၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့  ပအိုဝ်းလူ့အခွင့်အရေးအဖွဲ့က ကောက်ယူထားတဲ့ အချက်အလက်အရ သိရှိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013