Home
မြန်မာသတင်း
မလွှဲတောင်ဂိတ်တိုက်ခံရပြီးနောက် ရဟတ်ယာဉ်ဖြင့်ဗုံးကြဲ၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ
DVB
·
March 30, 2024
yae 3032024

မွန်ပြည်နယ်နဲ့ တနင်္သာရီအစပ်မှာရှိတဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မတ် ၂၉ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ရေဖြူမြို့နယ်ထဲက ကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်-တနင်္သာရီအစပ် ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်က အင်အား ၃၀ လောက်ရှိတဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပူးပေါင်းတပ်တွေက မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်သွားခဲ့ပေမယ့် စစ်ကောင်စီက အနီးအနားကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီက မလွှဲတောင်ဂိတ်အနီး ရေဖြူမြို့နယ်ထဲက လော့သိုင်းကျေးရွာအုပ်စုထဲမှာရှိတဲ့ လော့သိုင်းရွာ၊ ကျွဲတလင်းရွာနဲ့ အလယ်စခန်းရွာ၊ ရာဖူးကျေးရွာအုပ်စုထဲမှာရှိတဲ့ ရာဖူးရွာနဲ့

ကျောက်တလင်းရွာတို့ နေ့လယ် ၁ နာရီကနေ  ညနေ ၅ နာရီအထိ ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရာဖူးရွာသား အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရေဖြူဒေသခံတယောက်က “အခု ‌ဗုံးကြဲခံရလို့ ရွာလုံးကျွတ်တွေကို တိမ်းရှောင်နေရပါတယ်။ အခုလက်ရှိ အထိအခိုက်စာရင်း သိထားရတာကတော့ ရာဖူးဒေသခံအမျိုးသမီးတဦး ဒဏ်ရာရပြီး အိမ် ၂ လုံး မီးလောင်ထားပါတယ်။ အခု အခြေအနေက ပြန်ငြိမ်နေပြီ‌ဆိုပေမယ့် ‌စိတ်ချရတဲ့ အခြေအနေ မဟုတ်သေးပါဘူး” လို့ ပြောပါတယ်။

မလွှဲတောင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ပေးသွားမယ်လို့ မွန်ပြည်တော်လှန်ရေးတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နာဲနဂါး(နိုင်နဂါး) က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ကလည်း ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်က အင်အား ၃၀ ကျော်ရှိတဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေက ဂိတ်ကိုပိတ်ပြီး ထွက်ပြေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013