ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ DVB သတင်းထဲမှာ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်ဓားပြဂိုဏ်းက ဖက်ဆစ်တော်လှန်ရေးနေ့ကို လုယူပြီး တပ်မတော်နေ့လို့ နာမည်ပြောင်းပြီး မောင်ပိုင်စီးခဲ့တာမို့ ၇၉ နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ ဖြေဆိုပြီးရာက ပြန်လာတဲ့ တပ်မ ၈၈ က ဗိုလ်ကြီးကျော်သူရပိုင်နဲ့အဖွဲ့ စီးလာတဲ့ကား မနက် ၁၀ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ သတင်းကို ဖတ်ခဲ့ရပါတယ်။ ဘရိန်းဝတ်ခ်ျလုပ်ပြီး စစ်ကျွန်ဇာတ် မှိုင်းတိုက်တာသာ လုပ်တတ်တဲ့ အာဏာလု စစ်ဓားပြခေါင်းဆောင်က တိုင်းစစ်ဌာနချုပ်အားလုံးကို စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ ပြုလုပ်ဖို့ မတ် ၁ ရက်က ညွှန်ကြားခဲ့တာ ဖြစ်ပါသတဲ့။
လက်ရှိ စစ်ဓားပြဂိုဏ်းက ဗန်းပြအသုံးပြုနေတဲ့ စစ်သည်တော်ကျင့်ဝတ် ၆၀ ဆိုတာမှာကို ခေတ်နဲ့မလျော်ညီတဲ့အပြင် အလွန်ဆိုးရွား မှားယွင်းတဲ့ ကျင့်ဝတ်တွေပါနေတာ တွေ့ရတယ်။ အယောင်ပြ အသုံးချ အဲဒီကျင့်ဝတ်အမှားတွေကို စစ်ဓားပြတပ်က စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲ လုပ်တယ်ဆိုတာ ဒုစရိုက်မှိုင်းတိုက် လူမိုက်ပြိုင်ပွဲတခုသာမို့ ဝင်ပြိုင်တဲ့ စစ်ဗိုလ်စစ်သား ဆိုတာဟာလည်း မလွန်ဆန်နိုင်သူတွေနဲ့ စဉ်းစားဆင်ခြင်ဉာဏ်ရည် အလွန်နိမ့်ကျသူတွေချည်းပဲ ဖြစ်မှာပါ။
ဒါကြောင့် ဒီဆောင်းပါးမှာတော့ ရွှေပြားကပ်မစင်တုံးနဲ့ ပမာတူတဲ့ ဒုစရိုက်မှိုင်းတိုက် စစ်သည်တော်ကျင့်ဝတ် ၆၀ ထဲက သွက်သွက်ခါအောင် မှားယွင်းနေတဲ့ ကျင့်ဝတ်အမှားကြီးတွေနဲ့ မှန်ကန်မှုမရှိတဲ့ အဓိပ္ပာယ်ကို ကောက်ယူသုံးစွဲနေတဲ့ မိစ္ဆာကျင့်ဝတ်တွေကို မီးမောင်းထိုးပြ ရေးသားလိုက်ပါတယ်။
၁။ အဓိပ္ပာယ်အမှားကောက်ယူပြီး သုံးစွဲနေတဲ့ ကျင့်ဝတ်များ၊
ပထမဆုံးအနေနဲ့ ထောက်ပြချင်တဲ့ ကျင့်ဝတ်အမှားတွေကတော့ ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ် ၁၀ ပါးထဲက စစ်အခွင့်ထူးခံတွေ ရည်ညွှန်းတဲ့ ပြည်သူဆိုတာ သူတို့ မတရားလုပ်တာကို ထောက်ခံဝိုင်းရံကြတဲ့ စစ်ကျွန်ခံ ပြည်သူအနည်းစုကို ဆိုလိုတာ ဖြစ်ပါတယ်။ စစ်အာဏာရှင် အဆိပ်ပင်ကို အမှီပြု နေထိုင်ရှင်သန်ရတဲ့ ကပ်ပါးပြည်သူ လူနည်းစုကိုသာ သူတို့က ပြည်သူလူထုလို့ မှားယွင်းစွာ သတ်မှတ်ကြပါတယ်။
အဲဒီ စစ်ဝါဒီအဆိပ်သင့်၊ အမျိုး ဘာသာ သာသနာ ကာကွယ်သူတွေလို့ သူတို့ကိုယ်သူတို့ ထင်ယောင်မှားနေကြတဲ့ အညံ့စားပြည်သူတွေဟာ မြန်မာနိုင်ငံမှာ အနည်းစုသာဖြစ်တယ် ဆိုတာကို ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတိုင်းက အဖြေပေးခဲ့ပြီး ဖြစ်ပါတယ်။ အများစုသော ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပြည်သူ့ပါတီကို ထောက်ခံမဲ ပေးကြတာဖြစ်လို့ ရွေးကောက်ပွဲတိုင်းမှာ NLD ကပဲ မဲနိုင်ခဲ့တာဟာ သက်သေပါပဲ။
မတရားမှုနဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံကြတဲ့ ပြည်သူလူထု အများစုကိုတော့ စစ်ဓားပြဂိုဏ်းက ရန်သူလို့ သတ်မှတ်ကြပြီး လူမဆန်စွာ သတ်ဖြတ် မီးရှို့ လုယက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြပေမဲ့ ရွှေပြားကပ်မစင်တုံး-စစ်သည်တော်ကျင့်ဝတ် ၆၀ ကို ကြက်တူရွေး နှုတ်တက်ရွတ်သလို ပြောဆိုနေကြတာဟာ အလွန်ရှက်ဖို့ကောင်းသလို ခွင့်မလွှတ်ထိုက်တဲ့ အမှား အကုသိုလ်ကြီး ကျူးလွန်နေကြတာ ဖြစ်ပါတယ်။
အောက်ပါကျင့်ဝတ်တွေဟာ ပြည်သူလူထုဆိုတဲ့ စကားဖွင့်ဆိုမှု မမှန်ကန်ဘဲ သူတို့လိုရာ အဓိပ္ပာယ်ကို ကောက်ယူပြီး လွဲမှားစွာ သုံးစွဲနေတာ ဖြစ်ပါတယ်။
- ပြည်သူလူထုအပေါ် သစ္စာစောင့်သိ ရိုသေပါ။
- ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။
- ပြည်သူလူထုနှင့် ယဉ်ကျေးစွာ ဆက်ဆံပါ။ ရေလို/လလိုကျင့်ပါ။
- ပြည်သူလူထု၏အကျိုးစီးပွားကို အစဉ် ဦးထိပ်ထားပါ။
- ပြည်သူလူထုအား လှောင်ပြောင်ခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ စော်ကားမော်ကားပြုခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
- ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ။
- ပြည်သူလူထုကို ဦးစားပေးပါ။ မိမိမှ အခွင့်အရေး ပိုမယူပါနှင့်။
- ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။
- ပြည်သူလူထု၏ ဘာသာအယူဝါဒ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေးစားပါ။
၂။ ခြိမ်းခြောက်တဲ့ကျင့်ဝတ်
နောက်ထပ် ထောက်ပြချင်တဲ့ ကျင့်ဝတ်အမှားကတော့ မတရားမှုကို မဆန့်ကျင်ရဲအောင် ခြိမ်းခြောက်ပိတ်ဆို့ထားတဲ့ ကျင့်ဝတ်ပါပဲ။
- မိမိနှင့်မသက်ဆိုင်သော အမှုကိစ္စများတွင် ဝင်မစွက်မိဖို့ သတိပြုပါ။
ဒါဟာ မလုပ် မရှုပ် မပြုတ် ဆိုတဲ့ နိုင်ငံရေးကို သင်းသတ်တဲ့ ဆောင်ပုဒ်လို၊ မဆိုင်သူမကပ်နဲ့ မင်းတို့မယားတွေ မုဆိုးမဖြစ်ကုန်မယ် အော်ဟစ်ပြောဆိုတတ်တဲ့ ဓားပြဆောင်ပုဒ်သဘောမျိုး ဖြစ်ပါတယ်။ မတရားမှု၊ အဓမ္မမှုတွေကို စစ်ဗိုလ်ယုတ်ကြီးတွေ ကျူးလွန်တာ၊ ပြည်သူအများစုကို အနိုင်ကျင့် ဖိနှိပ်တာ၊ တိုင်းပြည်ဘဏ္ဍာကို ခိုးယူ အလွဲသုံးစားပြုတာတွေ တွေ့ကြုံခဲ့ရင် ဝင်မစွက်မိဖို့ သတိပြုပါ ဆိုပြီး ခြိမ်းခြောက်တဲ့ ကျင့်ဝတ်ပဲ ဖြစ်ပါတယ်။
၃။ လက်တွေ့မလိုက်နာကြတဲ့ ပါးစပ်ဖျားပေါ်က ကျင့်ဝတ်များ
နောက်တခါ လက်အောက်ငယ်သားများအပေါ် ပြုကျင့်ရမယ့် အောက်ပါကျင့်ဝတ်ငါးပါးကို ကြည့်လိုက်ရင်လည်း စစ်ဗိုလ်တွေဟာ လက်အောက်ခံ စစ်သားတွေအပေါ် လက်တွေ့မလိုက်နာကြတဲ့ ပါးစပ်ဖျားပေါ်ကနေ ပျောက်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
- ငယ်သားများအား ကျောသားရင်သား မခွဲခြားဘဲ တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ပါ။
- ငယ်သားများအား စံနမူနာကောင်းပြပါ။ အနစ်နာခံ၍ မှန်ကန်စွာ ခေါင်းဆောင်ပါ။
- ငယ်သားများ၏ တင်ပြချက်များကို အရေးတယူ မှတ်သားနားထောင်ပါ။
- ငယ်သားများအပေါ် သစ္စာစောင့်သိ၍ အပြည့်အဝ ယုံကြည်အားကိုးပါ။
- ငယ်သားများ၏ သက်သာချောင်ချိရေး၊ ပျော်ရွှင်ရေး၊ ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါ။
၄။ မျက်ကန်းအမိန့် နာခံခိုင်းတဲ့ ကျင့်ဝတ်များ
အောက်ပါကျင့်ဝတ်တွေဟာလည်း အကြီးအကဲများပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ် ၁၀ ပါးဟာ မဟုတ်မှန်တဲ့ အမိန့်တွေ ပေးတတ်တဲ့၊ အကျင့်သီလဆိုးယုတ်ပြီး ရမ်းကားကြမ်းကြုတ်တဲ့ အထက်အရာရှိ ခေါင်းဆောင်ဆိုးတွေက အမိန့်ပေးခဲ့ရင်လည်း ဆင်ခြင်ပိုင်းခြားတဲ့ဉာဏ် မသုံးဘဲ မျက်ကန်းအမိန့်နာခံမှုကို တိုက်တွန်းထားတဲ့ ကျင့်ဝတ်အမှားတွေ ဖြစ်ပါတယ်။
အထက်အရာရှိဆိုးက ပြည်သူကို သတ်ဆိုရင် သတ်၊ ပြည်သူ့အိမ်ရာ မီးရှို့ဆိုရင် မီးရှို့၊ အရပ်သားပြည်သူကို တိုက်လေယာဉ်နဲ့ ဗုံးကြဲဆိုရင် ကြဲ၊ အမှားအမှန် မဝေဖန် မပိုင်းခြားရဘဲ မစင်စားဆို စားရမယ့် သဘောမျိုးပါပဲ။ အကြီးအကဲမှားနေလည်း ပြန်မပြောနဲ့၊ မျက်စိမှိတ် လက်ခံရမယ့် ကျင့်ဝတ်အမှားတွေ ဖြစ်ပါတယ်။
- အကြီးအကဲများ၏ အမိန့်ကို တိကျစွာ လိုက်နာပါ၊ သွက်လက်ဖျတ်လတ်စွာ နာခံပါ။
- အကြီးအကဲများကို ချစ်ကြည်လေးစားပါ။
- အထက်ကပေးအပ်သော တာဝန်ကို ကြည်သူရွှင်ပျစွာ ကျေပွန်အောင် ထမ်းဆောင်ပါ။
- အကြီးအကဲများကို ကိုယ့်ဆရာသမားအဖြစ် အမြဲသဘောပိုက်ပါ။
- အကြီးအကဲများအပေါ် တော်တည့်မှန်ကန်စွာ သစ္စာစောင့်ပါ။
- အကြီးအကဲများသည် မိမိထက်ကြီးလေးသော တာဝန်ကို ထမ်းဆောင်နေကြရသူများ ဖြစ်ကြောင်း အစဉ်အသိအမှတ်ပြုပါ။
- မည်သည့်ကိစ္စမဆို အကြီးအကဲထံ အမှန်အတိုင်း ရဲရဲဝံ့ဝံ့ တင်ပြပါ။
- အကြီးအကဲများသည် ကျောသားရင် မခွဲခြားဘဲ မိမိတို့၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက် နေကြောင်း အမြဲသတိပြုပါ။
၅။ ဆန့်ကျင်ဘက်လုပ်ပြီး ချိုးဖောက်နေတဲ့ ကျင့်ဝတ်များ
စစ်ဓားပြဂိုဏ်းက မကောင်းဆိုးဝါး တိရစ္ဆာန်တွေဟာ နိုင်ငံတော်နဲ့ ပြည်သူအပေါ် သစ္စာဖောက်ဖျက်၊ သုံ့ပန်းမိရင် နိုင်ငံတကာဥပဒေတွေ မလိုက်နာဘဲ လူမဆန်တဲ့ နည်းမျိုးစုံနဲ့ ရက်စက်စွာ ညှဉ်းပန်းသတ်ဖြတ်ကြ၊ ရှိသမျှ တရားဥပဒေတွေ ချိုးဖောက်၊ စစ်စည်းကမ်း မလိုက်နာ၊ မူးယစ်ဆေးဝါးသုံးစွဲ၊ မုဒိမ်းကျင့်၊ တံစိုးလက်ေဆာင်ယူ၊ အကျင့်ပျက်ခြစား၊ မသန့်ရှင်းတဲ့ နည်းလမ်းတွေနဲ့ ချမ်းသာအောင်လုပ်ပြီး ဆန့်ကျင်ဘက် ပြုနေကြပါလျက် အောက်က ကျင့်ဝတ်တွေကို ပါးစပ်က ဆိုရဲတာဟာ သိက္ခာ မဲ့ယုတ်ညံ့ခြင်းပါပဲ။
- ရန်သူက အညံ့ခံလျှင် မိမိက ခွင့်လွှတ်သည့်စိတ်ဖြင့် ပြုမူဆက်ဆံပါ။
- နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရိုသေပါ။
- နိုင်ငံတော်၏ တရားဥပဒေများကို လိုက်နာစောင့်ထိန်းပါ။
- စစ်စည်းကမ်းကို တိကျစွာ လိုက်နာပါ။
- ကိုယ်နှုတ်နှလုံး သုံးပါးလုံး ယဉ်ကျေးပြေပြစ်ပါစေ။
- မိန်းကလေးများနှင့် ကင်းကင်းရှင်းရှင်းနေပါ။
- မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာသောက်စားခြင်းနှင့် လောင်းကစားခြင်း ရှောင်ပါ။
- တံစိုးလက်ဆောင်ကို မစင်ကဲ့သို့ ရွံရှာစက်ဆုပ်ပါ။
- ရိုးရိုးပဲနေထိုင်စားသောက်ပါ။
- ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေ ညီပါစေ။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အာဏာလု စစ်ဓားပြဂိုဏ်းဟာ ဒုစရိုက်မှိုင်း တိုက်ရာမှာ သုံးတဲ့ စစ်သည်တော်ကျင့်ဝတ် ၆၀ ဆိုတာ ဒီကနေ့ခေတ်နဲ့ မကိုက်ညီတော့တဲ့ မိစ္ဆာကျင့်ဝတ် အမှားကြီးများ ဖြစ်ကြပါတယ်။ တနည်းအားဖြင့် ပြောရရင် အာဏာလု စစ်ဓားပြဂိုဏ်း စစ်ရှုံးရတာ ပြည်သူလူထုရဲ့ ယုံကြည်ထောက်ခံမှု ပျောက်ဆုံးခဲ့ရလို့ ဖြစ်ပါတယ်။ စစ်အခွင့်ထူးခံတသိုက် ဗိုလ်ကျခြယ်လှယ်နေတဲ့ လက်နက်ကိုင်တပ်ဟာ နိုင်ငံရဲ့ တပ်မတော်အဆင့်ကနေ လက်နက်ကိုင် ဓားပြဂိုဏ်းအဆင့်ကို လျှောကျပြီး ကျက်သရေမဲ့ခဲ့ရတာဟာ ဒုစရိုက်မှိုင်းတိုက် စစ်သည်တော်ကျင့်ဝတ် ၆၀ ကူးစက် ပြန့်ပွားခံလာရာက အတွေးအခေါ်အမှား၊ ကိုယ်ကျင့်တရားတွေ လွဲမှားခဲ့ကြရတာကြောင့် ခွင့်မလွှတ်ထိုက်တဲ့ သမိုင်းဝင် မဟာအမှားကြီးတွေ ကျူးလွန်ခဲ့ကြရင်း ပြည်သူလူထုရဲ့ တူးတူးခါးခါး မုန်းတီးခြင်းခံရပြီး စစ်ရှုံး ပျက်သုဉ်း နိဂုံးဆုံးရတော့မှာ မဟုတ်ပါလား။
မင်းကောင်းချစ်