ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ မဖြေလိုက်ရတဲ့ ကျောင်းသားကျောင်းသူတွေကို လာမဲ့ ဧပြီလ နောက်ဆုံးအပတ်မှာ ပြန်ဖြေခွင့်ပေးမယ်လို့ စစ်ကောင်စီဩဇာခံ ပညာရေးဌာနဆီက သိရပါတယ်။
လုံခြုံရေးအရ စာမေးပွဲမဖြေလိုက်ရတဲ့ကျောင်းသားကျောင်းသူတွေကို ဧပြီ ၂၉ ရက်နေ့မှာ စတင်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ထပ်မံစစ်ဆေးမှာဖြစ်တာကြောင့် ဖြေဆိုလိုတဲ့စာစစ်ဌာနတွေကို ဧပြီ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းဖြေဆိုနိုင်တယ်လို့ ကြေညာထားပါတယ်။
တိုင်းနဲ့ပြည်နယ် ၁၇ မှာ စာစစ်ဌာန ၂၇ ခု ဖွင့်လှစ်မှာဖြစ်ပြီး အများစုကတော့ တိုင်းနဲ့ပြည်နယ်တွေရဲ့ မြို့တော်တွေမှာပဲဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယအကြိမ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း ကယားပြည်နယ်အတွက် စာစစ်ဌာန မပါဝင်ဘဲ ရခိုင်ပြည်နယ်မှာဆိုရင်လည်း စစ်တွေမြို့ပေါ်မှာပဲ စာစစ်ဌာန ၄ ခု ဖွင့်လှစ်မှာဖြစ်တယ်လို့ မြန်မာစာစစ်ဦးစီးဌာနရဲ့စာရင်းတွေအရသိရပါတယ်။
မတ် ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၁၄၀,၀၀၀ ကျော် စာရင်းပေးသွင်းခဲ့ပြီး ၁၂၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။
အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၀ သိန်းနီးပါးအထိ စာရင်းပေးဖြေဆိုကြပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသားကျောင်းသူတွေဟာ CDM ပြုလုပ်ခဲ့တာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ အရေအတွက်ဟာ စံချိန်တင် လျော့ကျခဲ့ပါတယ်။