Home
မြန်မာသတင်း
အင်းစိန်ထွေအုပ်ရုံးအနီး ဗုံး ၃ ကြိမ်ပေါက်
DVB
·
March 30, 2024
in 3032024

ရန်ကုန်၊ အင်းစိန်ခရိုင် ထွေအုပ်ရုံးနားမှာ မတ် ၂၉ ရက် ည ၈ နာရီဝန်းကျင်က ဗုံး ၃ ကြိမ်ပေါက်ပြီး ပစ်ခတ်မှုတချို့လည်းဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၇ နာရီ ၄၀ မိနစ်လောက်က စလို့ ၁၅ မိနစ်ခြား ဗုံး ၃ ကြိမ်ပေါက်ခဲ့ပြီး သေနတ်ပစ်သံတွေလည်းကြားရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ခရိုင်ထွေအုပ်ရုံးနားမှာ ပေါက်တာ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ခြားပြီးပေါက်တာ။ ဗုံးပေါက်ပြီး သေနတ်သံတွေကြားရတယ်။ စစ်တပ်ရော၊ ရဲရော၊ ခရိုင်ရုံးမှာလူစုပြီး ကားတွေကိုစစ်တယ်” လို့ ပြောပါတယ်။

ခရိုင်ထွေအုပ်ရုံးရှေ့မှာ ဗုံး ၂ ကြိမ်ပေါက်ပြီးနောက် ခရိုင်ရုံးထဲမှာ တပ်စွဲထားတဲ့ စစ်တပ်က သေနတ်နဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ခရိုင်ရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“ဗုံးပေါက်တာရော သေနတ်နဲ့ပစ်တာရောမှန်တယ်။ ထွေအုပ်ဘက်က သေတဲ့သူရော ဒဏ်ရာရတဲ့သူရော မရှိဘူးလို့ငြင်းတယ်။ ညပိုင်းဆိုတော့ ဘယ်သူထိတယ်ဆိုတာမသိရဘူး” လို့ ရှင်းပြပါတယ်။

အင်းစိန်ခရိုင်ရုံးလက်အောက်မှာ အင်းစိန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နဲ့ အနောက်ပိုင်းမြို့နယ်တို့ ပါဝင်ပြီး စစ်မှုထမ်းစာရင်းကောက်ယူရေးနဲ့ ဆင့်ခေါ်ရေးကို အင်းစိန်ခရိုင်ထွေအုပ်ရုံးက တိုက်ရိုက်ကွပ်ကဲနေတာဖြစ်ပါတယ်။

အဲဒီ ဖောက်ခွဲတိုက်ခိုက်မှုကို Anonymous Fighters Force-AFF ၊ Rangoon Urban Force-RUF နဲ့ Freel and Attack Force-FLA တို့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ ည ၈ နာရီဝန်းကျင်ကလည်း ဆူးလေဂုံးကျော်တံတားအောက်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက်အရွယ်လူငယ် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013