မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲရဲ့ ခွင့်ပြုချက်မပါဘဲ တရားမဝင် ငွေကြေးကောက်ခံနေတဲ့ဂိတ်တွေကို အရေးယူသွားမယ်လို့ မြို့နယ်ပအဖ တာဝန်ရှိသူက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းမှာ ယခင်ကမြို့နယ်အုပ်ချုပ်ရေးရဲ့ သဘောတူညီမှုမရှိဘဲ ဖွင့်လှစ်ခဲ့တဲ့ ဂိတ်များစွာရှိပြီး လက်ရှိမှာ ဟားခါးလမ်းခွဲက ပျံလွှားဂိတ်နဲ့ ဇဟောဂိတ် စတဲ့ ဂိတ် နှစ်ဂိတ်ရှိတယ်လို့ သိရပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ Gate A၊ Gate B ဆိုတဲ့ ဂိတ်နှစ်ခုဖွင့်လှစ်ထားရာ မတ် ၁၅ ရက်နေ့မှစတင်ပြီး အခွန်ကောက်ခံရေးဂိတ် Gate C၊ Gate D၊ Gate E စတဲ့ ဂိတ်သုံးခုတိုးချဲ့ပြီး အခွန်ကောက်ခံရေး ဂိတ်ငါးခုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
“ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နှုန်းထားတွေအတိုင်းကောက်ခံရတာပါဗျ။ ကောက်ခံရတဲ့ငွေတွေကိုလည်း ဗဟိုကို ပေးသွင်းရမယ့် ပမာဏရယ်၊ ပအဖရဲ့ ခွဲတမ်းငွေ၊ ပကဖရဲ့ ခွဲတမ်းငွေရှိတယ်။ ကောက်ခံထားတဲ့ငွေတွေကို နယ်မြေဒေသဖြတ်သန်းခဆိုပြီးတော့မှ ဖြတ်သန်းသွားရတဲ့မြို့တွေကို ပေးရတာမျိုးလည်းရှိပါတယ်။ မပိတ်သိမ်းတဲ့ဂိတ်တွေကို ဝန်ကြီးဌာနကို အကြောင်းကြားပြီး ဌာနရဲ့ လမ်းညွှန်မှုအရ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ မြို့နယ် ပအဖတာဝန်ရှိသူက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်က အခွန်ကောက်ခံရေးဂိတ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ ပြည်သူလူထု ဝန်မပိစေမယ့် အခွန်နှုန်းထားတွေ ကောက်ခံပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ သတ်မှတ်ပေးထားတဲ့ သုံးပိုင်းဖြတ်အခွန်ချလန်တွေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ မြို့နယ်ပအဖ တာဝန်ရှိသူက ပြောပါတယ်။