Home
နိုင်ငံတကာ
ဟေတီတွင်အကြမ်းဖက်မှုများကြောင်း တနှစ်အတွင်း လူပေါင်း ၁,၅၀၀ ကျော် သေဆုံး
DVB
·
March 30, 2024

ဟေတီနိုင်ငံမှာအုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီနှစ်အတွင်း ကလေးအများအပြား အပါအဝင် လူပေါင်း ၁,၅၀၀ ကျော် သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ လူတွေဟာ ကာကွယ်ရေးတပ်တွေက လူတွေရဲ့ အသေရိုက်သတ်ခံရတာ၊ ကျောက်ခဲနဲ့ပေါက်သတ်ခံရတာ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂလူ့အခွင့်ကောင်စီက  မတ်လ ၂၈ ရက်မှာ ပြောကြားပါတယ်။

ဟေတီနိုင်ငံမှာ အခုနှစ် ပထမ ၃ လအတွင်း အုပ်စုဖွဲ့အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၁,၅၅၄ ဦးနဲ့ ဒဏ်ရာရသူ ၈၂၆ ဦးရှိခဲ့တာပါ။

ရဲတပ်ဖွဲ့ ဒါမှမဟုတ် ပြိုင်ဘက်ဂိုဏ်းတွေကို ထောက်ပံ့တယ်လို့ စွပ်စွဲခံရပြီး လက်တုံ့ပြန်တဲ့အနေနဲ့ လူတချို့ဟာ သူတို့နေအိမ်မှာ ပစ်သတ်ခံရပြီး တချို့ကတော့ လမ်းပေါ်မှာ စနိုက်ပါသမားတွေရဲ့ပစ်ခတ်မှု၊ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် သေဆုံးရကြောင်းလည်း ကုလသမဂ္ဂ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ၃ လသား ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။ ဟေတီ ကလေးငယ်တွေဟာ ယောကျ်ားလေးဆိုရင် ပြန်ပေးဆွဲတာနဲ့ လုယက်မှုတွေမှာ ကူညီပေးဖို့ ဂိုဏ်းသားအဖြစ် စုဆောင်းခံရပြီး မိန်းကလေးတွေကိုတော့ အိမ်အလုပ် ဒါမမဟုတ် သူလျှိုအဖြစ် လုပ်ဖို့ စေခိုင်းခံရကာ ထွက်ပြေးဖို့ ကြိုးစားတဲ့ ကလေးတချို့တော့ အသတ်ခံခဲ့ရပါတယ်။

ဒီအမူအကျင့်တွေအားလုံးဟာ ဒေါသထွက်စရာဖြစ်ပြီး ချက်ခြင်းရပ်တန့်ပစ်ရမှာပါလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ကာရေဘီယံနိုင်ငံအတွင်း ဆိုးရွားတဲ့ အခြေအနေတွေဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာနဲ့အတူ ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဟေတီကကပ်ဘေးအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရေးကို ချက်ချင်းလုပ်ဆောင်ဖို့ အစီရင်ခံစာက တောင်းဆိုထားပါတယ်။

ဟေတီကို လက်နက်နဲ့ ခဲယမ်းမီးကျောက်များ ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးအတွက် ပြည်တွင်းပြည်ပ ထိန်းချုပ်မှုတွေကို အားကောင်းစေဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အကြမ်းဖက်မှုရပ်တန့်ရေး၊ အရပ်သားတွေကို ထိထိရောက်ရောက်ကာကွယ်ရေးနဲ့ နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရေးမှာ ဟေတီရဲတပ်ဖွဲ့ကို ကူညီပေးမယ့် နိုင်ငံစုံလုံခြုံရေးအကူအညီမစ်ရှင်တခုကို  ဖြန့်ကျက်ထားဖို့လည်း အရေးတကြီး လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013