Home
မြန်မာသတင်း
ဖာပွန်မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လုံးဝရပ်တန့်၊ KNU ထိန်းချုပ်
DVB
·
March 30, 2024
Phapon-16-august-2023

ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွေ လုံးဝရပ်တန့်သွားပြီ ဖြစ်ပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတာကြောင့်  လတ်တလောမှာ KNU အုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ KNUတပ်မဟာ ၅ တာဝန်ရှိသူက ဗိုလ်မှူးကြီး စောကလယ်ဒို ဒီဗွီဘီကို ပြောပါတယ်။

မတ် ၁၉ ရက်က စတင်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၅ လက်အောက်ခံ  KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဖာပွန်မြို့အပါအဝင် အမှတ် ၁ စစ်ဗျူဟာနဲ့ ဆက်သွယ်ထားတဲ့ မယ်တရိုး၊ ဝေမှုံ၊ တံခွန်တိုင် ဝေဆာစတဲ့ ဆက်သွယ်ရေးလမ်းအားလုံးကို ဝိုင်းဝန်းပိတ်ဆို့ပြီး ဖြတ်တောက်ခဲ့ပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခလရ ၁၉၊ ခမရ ၃၄၀၊ ခမရ ၃၄၁၊ ခမရ ၄၃၄၊ ထောက်ပို့၊ AT လားတပ်၊ ဗျူဟာအမြာက်တပ်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက မတ် ၂၉ ရက်အထိ ပိတ်ဆို့ထားပါတယ်။

ဖာပွန်မြို့အနီးအနား တပ်စခန်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဝှေ့နောင်စစ်ဗျူဟာမှာ သွားရောက်ပူးပေါင်းခဲ့ပါတယ်။ မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီလောက်က ဖာပွန်မြို့တွင်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က  ဖာပွန်မြို့တွင်းရပ်ကွက်တွေနဲ့ အနီးအနားကျေးရွာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

မတ် ၂၆ ရက်က စစ်ကောင်စီတပ်တွေက ဖာပွန်မြို့တွင်းနဲ့ အနီးအနားကျေးရွာတွေကို   လေကြောင်းအပြင် ဒရုန်းဗုံးတိုက်ခိုက်တာကြောင့် ဖာပွန်မြို့တွင်းက ကလေးငယ်အပါအဝင်  ပြည်သူ  နှစ်ယောက်သေဆုံးပြီး တယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါအပြင် နေအိမ် လေးလုံး ထိခိုက်ပျက်စီးကာ အိမ်မွေးတိရစ္ဆာန်တွေပါ ထိခိုက်သေဆုံး ခဲ့ပါတယ်။ ဖာပွန်မြို့တွင်းက ဒေသခံပြည်သူ ၄၀၀ နီးပါးဟာ ပိတ်မိနေတယ်လို့  စစ်ရှောင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့  မြေပြင်လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းဗုံးတိုက်ခိုက်တာတွေကြောင့် မြို့ခံ ပြည်သူ ၁၀၀၀  နီးပါးဟာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မြို့ခံပြည်သူတွေဟာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရတာကြောင့် နေထိုင်စားသောက်ရေးအပြင် အမိုးအကာနဲ့ ဆေးဝါးတွေ  အရေးပေါ်လိုအပ်နေပါတယ်။ 

စစ်ရှောင်ပြည်သူအရေအတွက်ဟာ မတ် ၂၉ ရက်အထိ လက်လှမ်းမှီသလောက် ကောက်ခံရရှိထားတဲ့ စာရင်းဖြစ်ပြီး  တောတောင်ထဲအုပ်စုကွဲကာ တကွဲတပြား ရောက်ရှိနေတာကြောင့် စာရင်းအတိအကျရရှိဖို့ ခက်ခဲနေတယ်လို့ KNU တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013