Home
မြန်မာသတင်း
အာဏာသိမ်း ၃ နှစ်အတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ် ၁၂ စီး အထိ ပျက်ကျခဲ့
DVB
·
March 30, 2024
hele 3032024

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေ  ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်၊ သယ်ပို့လေယာဉ်၊ ရဟတ်ယာဉ်တွေ ၁၂ စီအထိ ပျက်ကျခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ  ဗိုလ်မှူးချုပ်အထိ ပါဝင်နေပါ တယ်။

DVB က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ပစ်ချခံရတာ၊  စက်ချို့ယွင်းတာတွေ ကြောင့် လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျခဲ့ရတာပါ။ အများစုဟာ အခု ၂၀၂၄ ခုနှစ်ထဲမှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ် ၊ ရဟတ်ယာဉ် ၆ စီး ရှိနေပါတယ်။

လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျမှုကြောင့် သေဆုံးသူတွေထဲမှာတော့  ရာထူးအကြီးဆုံး အရာရှိက ဗိုလ်မှူးချုပ်ဖြစ်ပြီး ကရင်ပြည်နယ် သင်္ဃန်းညီနောင်မှာ ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းက KNLA တော်လှန်ရေးပူးပေါင်းတပ်ရဲ့ ပစ်ချမှုကြောင့် EuroCopter ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါလာတဲ့ ဗိုလ်မှူးချုပ် အေးမင်းနောင် သေဆုံးခဲ့တာလို့ KNUက ထုတ်ပြန်ထားတာပါ၊

ပျက်ကျပြီးချိန် တော်လှန်ရေးတပ်တွေရဲ့ ဖမ်းဆီးခံရသူ လေယာဉ်မှူးကတော့ ကရင်နီမှာ ၂၀၂၃ ခုနှစ်က ပစ်ချခံရတဲ့  K-8  တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ဖြစ်ပါတယ်။

စစ်ကောင်စီလေတပ်ရဲ့ အရန်အင်အား လျော့နည်းလာပေမဲ့ Y-12 လို သယ်ပို့လေယာဉ်တွေကနေ ဗုံးကြဲနေတာတွေကို တော်လှန်ရေးတပ်တွေ ကြုံနေရဆဲပဲလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်တပ်က လေယာဉ်တွေကို ထုတ်မပြနိုင်တဲ့ အခြေအနေကို  တွေ့ရတယ်လို့လည်း ဆိုပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်က “လေတပ်ရဲ့ တိုက်ခိုက်ရေးအင်အားက အောက်ကပစ်ချနိုင်တာ အပါအဝင် စက်ပစ္စည်းချို့ယွင်းတာ ပျံသန်းချိန်ကျော်တာတွေကြောင့် လေတပ်မှာ အရန်တော်တော်နည်းသွားပြီ။ ဒီတပ်မတော်နေ့မှာကြည့်ရင် လေယာဉ်တွေအားကို မသုံးတော့ဘဲ ညပိုင်းလျှောက်လိုက်ရတာကို တွေ့ရတယ်။ သူတို့လေတပ်အင်အားက ချည့်နဲ့သွားတယ်။ ဒါပေမဲ့ Y12တွေကနေ ချနေတုန်းပဲ။ ဗုံးကြဲနေတုန်းပဲ။ တော်လှန်ရေးတပ်တွေဘက်က ပစ်ချလို့ရတဲ့ နေအထားတွေရှိတယ်။ Y12 က ဒုက္ခပေးနေတာ အခုက”လို့ ပြောပါတယ်။

တော်လှန်ရေးတပ်တွေကြောင့် မြေပြင်ထိုးစစ်တွေကြောင့် အကျအဆုံးများခဲ့တဲ့ စစ်ကောင်စီဟာ လေကြောင်းကို အားပြုပြီး တိုက်ခိုက်လာရပါတယ်။ လေယာဉ်ပစ်လက်နက်တွေလည်း တိုင်းရင်းသားတော်လှန်ရေးတပ်တွေမှာတွေ့လာရတဲ့အတွက် စစ်ကောင်စီတပ်ဟာ သတိထားပြီး စစ်ဆင်ရေးတွေ လုပ်တာတွေ့ရတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေတပ်အားနည်းလာတာနဲ့အတူ ပြည်သူတွေအပေါ် အကြမ်းဖက်မှု အရှိန်အဟုန်နဲ့ ကျဆင်းသွားနိုင်တယ်လို့ ဦးသန်းစိုးနိုင်က  ပြောပြပါတယ်။

“လူထုအတွက်တော့ ထိခိုက်နစ်နာဆုံးရှုံးရတာတွေ သက်သာလာတာပေါ့ဗျာ။ အဓိကက မြေပြင်ထိုးစစ်တွေ သူတို့မလုပ်နိုင်တဲ့အခါကျ လေကြောင်းထိုးစစ်ဆိုတာက စစ်ရေးပစ်မှတ်ကို တိတိကျကျပစ်နိုင်တာမဟုတ်ဘူး။ ပြည်သူတွေနေတဲ့ အိုးအိမ်တွေ ရွာတွေ ဘုရားကျောင်း ကန်တွေ၊ ကျောင်းတွေဖျက်ဆီးနိုင်တာပဲ ရှိပါတယ်။ တကယ်ကတော့ ပြည်သူတွေအပေါ်မှာ အကြမ်းဖက်မှုအရှိန်အဟုန်နဲ့ ကျဆင်းသွားနိုင်တယ်လို့ပဲ သဘောပေါက်ပါတယ်။” 

အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၆၅၂ ခုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အဦး ၁၃၇ ခု ၊ စာသင်ကျောင်း ၇၆ခု နဲ့ ဆေးရုံ ၂၈ ခု ပျက်စီးခဲ့ရတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သီဟ  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013