Home
မြန်မာသတင်း
စစ်ကောင်စီက နေ့စဉ်တိုက်ခိုက်နေ၊ ပျော်ပွဲရွှင်ပွဲလျှော့ရန် မွန်ပြည်သစ်ပါတီထုတ်ပြန်
DVB
·
March 30, 2024
war 3032024

မွန်-ကရင်နယ်စပ်မှာရှိတဲ့ ရဲစခန်းအသိမ်းခံရပြီးတဲ့နောက် စစ်ကောင်စီဟာ လေကြောင်းကရော စစ်သင်္ဘောနဲ့ပါ ပတ်ဝန်းကျင်ရွာတွေကို နေ့တိုင်း တိုက်ခိုက်နေပြီး ပြည်သူတွေအနေနဲ့ ပျော်ပွဲရွှင်ပွဲတွေ လျှော့ကြဖို့၊ စစ်ရေးသတိနဲ့ သွားလာကြဖို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က မတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မတ် ၂၄ ရက်နေ့မှာ မွန်-ကရင်နယ်စပ်မှာရှိတဲ့ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို သိမ်းပိုက်ပြီးတဲ့အချိန်ကစပြီး စစ်ကောင်စီက ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကြိုက်၊ ကော့ဝမ်း၊ ကော့ဒွန်းကော့ပနာ၊ အံ့ကစင်နဲ့ အနီးတဝိုက်က ရွာတွေကို လေကြောင်းနဲ့ရော ရေတပ်စစ်‌သင်္ဘော တို့က လက်နက်ကြီးတွေနဲ့ပါ နေ့တိုင်း အဆက်မပြတ် ပစ်ခတ်နေတာဖြစ်ပါတယ်။

မတ် ၂၇ ရက် ညနေပိုင်းကလည်း တိုက်ပွဲမဖြစ်ဘဲ ဂျိုင်းမြစ်ထဲမှာရှိတဲ့ စစ်ကောင်စီစစ်သၚ်္ဘောကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာက နေအိမ်အလုံး ၃၀၀ လောက် မီးလောင်ကျွမ်းခဲ့ရပြီး နေအိမ်ဆုံးရှုံးသွားတဲ့ မိသားစုတွေနဲ့ ထပ်တူ NMSP-AD ကလည်း ဝမ်းနည်းပူဆွေးရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာက ဘာသာရေးအဆောက်အအုံတွေနဲ့ နေအိမ်တွေ မီးလောင်ခဲ့တဲ့အပြင် အရပ်သားတွေ သေဆုံးထိခိုက်တာတွေလည်းရှိပြီး သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးတွေ စတဲ့ အရပ်သားပြည်သူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

အကြမ်းဖက်စစ်ကောၚ်စီဟာ အများပြည်သူ သွားလာနေထိုင်ရာ ရပ်ရွာနေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံနဲ့ စာသၚ်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာကြဖို့၊ ပျော်ပွဲရွှင်ပွဲတွေ လျှော့ချကြဖို့လည်း အထူးတိုက်တွန်းတယ်လို့ NMSP-AD က ဆိုပါတယ်။

ဘာသာရေးအဆောက်အအုံ၊ နေအိမ်တွေနဲ့ အရပ်သားပြည်သူတွေ‌အပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ကောင်စီက လူသားမျိုး‌နွယ်‌အပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ NMSP-AD က ထုတ်ပြန်ပြီး NMSP-AD ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်ကလည်း စစ်ကောင်စီက  အပြစ်မဲ့ပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တဲ့ နည်းဗျူဟာကို ကျင့်သုံးလေ့ရှိတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီက ကျင့်သုံးနေတဲ့နည်းဗျူဟာ၊ တိုက်ပွဲတခုခုဖြစ်တိုင်း အပြစ်မဲ့ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တယ်။ ဖမ်းဆီးသတ်ဖြတ်တယ်။ ရွာတွေမှာရှိတဲ့ ဘာသာရေး အဆောက်အအုံတွေ၊ နေအိမ်တွေ၊ စာသင်ကျောင်းတွေကို တိုက်ခိုက်မှုပြုလုပ်တဲ့အတွက် စစ်ရာဇဝတ်မြောက်တယ်လို့ ကျနော်ပြောခြင်းဖြစ်တယ်။ ဒီအပေါ်မှာ ဆက်လက်ပြီး အရေးယူတာရှိတဲ့ကိစ္စကို အရေးယူသွားပါမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက တခုခုဆိုရင် အရပ်သားပြည်သူတွေနဲ့ မြို့ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး လူထုနဲ့တော်လှန်ရေးအဖွဲ့တွေကြား သွေးခွဲအကြောက်တရားသွင်းနေတဲ့အတွက် မွန်ပြည်နယ်မှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ နည်းဗျူဟာထဲ မကျရောက်သွားဘဲ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းတော်လှန်သွားဖို့ တိုက်တွန်းချင်တယ်လို့လည်း ပြောပါတယ်။

စစ်ဘေးသင့်ပြည်သူတွေအတွက် မွန်ပြည်သူတရပ်လုံးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ NMSP-AD က တောင်းဆိုထားပါတယ်။

NMSP-AD အနေနဲ့ လူမျိုးနဲ့ ဒေသတွၚ်းနေထိုင်ကြတဲ့ ပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေး၊ မွန်လူမျိုးတွေရဲ့ကြမ္မာကို မွန်လူမျိုးတွေဖန်တီးနိုင်ရေးအတွက် အဆုံးတိုင် တိုက်ပွဲဝင်သွားမှာ ဖြစ်ပြီး မွန်လူမျိုးတွေအနေနဲ့ ဝမ်းနည်းပူဆွေးနာကျည်းမှုကို ခွန်အားအဖြစ် ပြောင်းလဲပြီး စုပေါင်းအင်အားနဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနိုင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024