Home
နိုင်ငံတကာ
အဆင့်မြင့် ချစ်ပ်ပြားထုတ်စက်ရုံများသို့ ပစ္စည်းမပို့ရန် အမေရိကန်တားမြစ်ချက် တရုတ်ကန့်ကွက် 
DVB
·
March 30, 2024

အဆင့်မြင့် တရုတ်ချစ်ပ်ထုတ်လုပ်ရေးစက်ရုံတွေအနေနဲ့ အဓိကကျတဲ့ပစ္စည်းတွေ မရရှိအောင် တားမြစ်ထားတဲ့ စာရင်းကို အမေရိကန်ပြည်ထောင်စုက ဖန်တီးရေးဆွဲနေတာကို တရုတ်က ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၂၉ ရက်မှာ ပြောပါတယ်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနဟာ ၂၀၂၂ ခုနှစ်မှာ အဆင့်မြင့် ချစ်ပ်ပြားတွေ ထုတ်လုပ်တဲ့ တရုတ်စက်ရုံတွေဆီ ပစ္စည်းတွေကို သင်္ဘောနဲ့ ပို့ဆောင်ခြင်း မလုပ်ဖို့ အမေရိကန်ကုမ္ပဏီတွေကို တားမြစ်ခဲ့ပါတယ်။

၀ါရှင်တန်ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ပေကျင်းရဲ့ နည်းပညာတိုးတက်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းဂျန်းက“သိပ္ပံနဲ့နည်းပညာနယ်ပယ်မှာ တရုတ်နိုင်ငံအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေ၊ တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားဖို့ အချည်းနှီးကြိုးပမ်းမှုနဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူခြင်းနဲ့ ဖိနှိပ်ခြင်းကြောင့် တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်”လို့ ပြောပါတယ်။

ဒါဟာ စျေးကွက်စီးပွားရေးရဲ့ အခြေခံမူတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ကာ၊ နိုင်ငံတကာကုန်သွယ်မှု စည်းမျဉ်းတွေကိုလည်း ပြင်းပြင်းထန်ထန် ထိခိုက်စေပြီးတော့ ကမ္ဘာ့စက်မှုကွင်းဆက်နဲ့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ တည်ငြိမ်မှုကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေတယ် လို့လည်း ဆိုပါတယ်။

တားမြစ်ထားတဲ့ ကုမ္ပဏီစာရင်းကို လာမယ့်လအနည်းငယ်အတွင်း ထုတ်ပြန်နိုင်မယ်လို့ အဲဒီကိစ္စနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Financial Times ရဲ့ မတ် ၂၄ ရက်သတင်းအရ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် သူ့ပြည်တွင်းမှာပဲ ဆီမီးကွန်ဒတ်တာ စက်မှုလုပ်ငန်းကို တည်ဆောက်နေခြင်းအားဖြင့် နိုင်ငံခြားကုမ္ပဏီတွေအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ ကြိုးပမ်းနေရပါတယ်။

တရုတ်အစိုးရ ဝန်ထမ်းသုံး ကွန်ပျူတာတွေနဲ့ ဆာဗာတွေကနေ အမေရိကန် မိုက်ခရို ပရိုဆက်ဆာတွေကို ဖယ်ရှားဖို့ လမ်းညွှန်ချက်တွေကိုလည်း မိတ်ဆက်ပေးနေရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024