စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းက ကျေးရွာတွေကို မတ် ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လို့ ကံကုန်းရွာမှာ ကလေးမီးဖွားပြီးစ အမျိုးသမီးငယ် တယောက် သွေးလန့်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက် ၁၀ နာရီလောက်မှာ စစ်သားအင်အား ၃၀ လောက်ဟာ သံပြားကာ ကား နှစ်စီးနဲ့ ကံကုန်းရွာထဲကို ဝင်ရောက်လာချိန် ပြည်သူတွေ ကြောက်လန့် ထွက်ပြေးတိမ်းရှောင်နေတုန်း လန့်ပြီး သေဆုံးခဲ့တာပါ။
ဒေသခံတယောက်က “ခုလာတဲ့ကောင်တွေက ရွှေတောင်ဦးကုန်းကနေလာတာ။ ကား နှစ်စီးနဲ့ စစ်ကြောင်းဝင်တဲ့အချိန်မှာ ရွာထဲမှာ ရုတ်ရုတ်သဲသဲဖြစ်ပြီး သွေးနုသားနုဆိုတော့ကာ ကြောက်လန့်ပြီး ဆုံးသွားတာ။ သူ့ အလောင်းကိုသယ်ပြီး သက်ဆိုင်ရာ သုသာန်မှာ သင်္ဂြိုလ်ပြီးသွားပါပြီ” လို့ ပြောပါတယ်။
သေဆုံးသူဟာ မနေ့ မနက်ပိုင်းကမှ မီးဖွားထားတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးငယ်ဖြစ်ပြီး သူ့မှာ ၁ ရက်သား ကလေးငယ်နဲ့ ၄ နှစ်သားအရွယ်ကလေးတယောက်လည်း ကျန်ခဲ့တယ်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ကံကုန်းရွာကနေ ပတ်ဝန်းကျင်ရွာတွေကိုလည်း ဆက်သွားတာကြောင့် အနီးဝန်းကျင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီထဲက ကား တစီးဟာ ညောင်ပင်ကြီးရွာအထိရောက်ပြီး အဲဒီကနေ အေးကုန်းရွာ ဘုန်းကြီးကျောင်းကိုရောက်ရှိတပ်စွဲနေတယ်လို့ သိရပြီး နောက်ကား တစီးကတော့ ကံကုန်းရွာကို ရောက်ရှိတပ်စွဲထားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အဲ ရွာကလူတွေကို (စစ်တပ်က) ပြောတာကတော့ နယ်မြေရှင်းလင်းရေး လုပ်တာပါတဲ့ဗျာ။ နေချင်သလောက် နေပါမယ် တဲ့” လို့ ပြောပါတယ်။
အခုလက်ရှိ ညပိုင်းမှာတော့ ကံကုန်းရွာအပါအဝင် ကျေးရွာ ၃ ရွာလောက်က ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။