စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ နတ်ကြီးရွာကို စစ်ကောင်စီတပ်က မတ် ၂၈ ရက် ည ၁၁ နာရီကစပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ နတ်ကြီးဒေသခံတွေဆီကနေ သိရပါတယ်။
လာရောက်ပစ်ခတ်တဲ့ လေယာဉ်ဟာ ဂျက်ဖိုက်တာအမျိုးအစား ဖြစ်ပြီး ဗုံးလေးလုံးကြဲချခဲ့ပေမဲ့ လူတွေတော့ ထိခိုက်ဒဏ်ရာရ သေဆုံးတာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံရွာသားတဦးက “ဘာတိုက်ပွဲမှ မဖြစ်ဘူး၊ မြေပြင်မှာလည်း ဘာစစ်ကြောင်းမှ မရှိဘဲနဲ့ကို အကြောင်းမဲ့ လာပစ်တာ။ အိပ်ကောင်းတဲ့အချိန် လာပစ်တာ။ ပစ်တဲ့နေရာက ရွာတောင်ပိုင်း ကိုးမြို့ရှင် နတ်နန်း အဆောက်အဦအနီးကို ပစ်တာဗျ။ ပထမပစ်တဲ့ အချိန်က ည ၁၁ နာရီက နှစ်လုံး။ ဒုတိယအကြိမ်က ည ၁၂ နာရီနီးပါးမှာလည်း နှစ်လုံး ထပ်ချတယ်။ စုစုပေါင်း လေးလုံး ပစ်သွားတာပါ။ ဗုံးကျပေါက်ကွဲလို့ ကျင်းကြီးတွေက အကြီးကြီးတွေ ဖြစ်နေခဲ့တယ်။ ပေါင် ၅၀၀ ဖြစ်ဖို့များမယ်။ ပျက်စီးတာကတော့ အိမ်တွေပျက်စီးတယ်၊ သစ်ပင်တွေ ကျိုးကျ ပျက်စီးတယ်။ လူတွေကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
နတ်ကြီးရွာဟာ အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ ကျေးရွာတရွာဖြစ်သလို ချင်းတွင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီရဲ့ ငါးကြိမ်ထက်မနည်း မီးရှို့ခံထားရတာကြောင့် ဒေသခံအများစုဟာ ကျေးရွာအတွင်း မနေထိုင်ကြတော့ဘဲ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတာဟာ ၂ နှစ်အထိ ကြာမြင့်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။