Home
မြန်မာသတင်း
ကျောက်တလုံးကယ်ဆယ်ရေးစခန်းရှိ ရိုဟင်ဂျာများကို  စစ်မှုထမ်းခိုင်း
DVB
·
March 29, 2024
bigali 2932024

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တလုံးကယ်ဆယ်ရေးစခန်းရှိ စစ်ကောင်စီတပ်က စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဟာ မွတ်စလင် ၁၁၇ ဦးထဲက အယောက် ၅၀ ကို မတ် ၂၈ ရက်ကစပြီး ကျောက်ဖြူ မြို့တွင်း စစ်မှုထမ်း ခိုင်း​စေခဲ့တယ်လို့  မြို့ခံတွေထံက သိရပါတယ်။

ကျောက်ဖြူမြို့ ခမရ ၅၄၂ တပ်ရင်းက စစ်ကောင်စီတပ်သား ၂၀ ပါတဲ့စစ်ကားနှစ်စီးဟာ မနေ့က မနက် ၇ နာရီလောက်က ကျောက်တလုံးကယ်ဆယ်ရေးစခန်းကို ရောက်ရှိလာကာ စစ်သင်တန်းဆင်း ရိုဟင်ဂျာ အယောက် ၅၀ ကို စစ်ဝတ်စုံဝတ်ခိုင်းပြီး လက်နက်အပြည့်အစုံ တပ်ဆင်ကာ ခမရ ၅၄၂ တပ်ရင်း ကိုခေါ်ဆောင်သွားတယ်လို့ ကယ်ဆယ်ရေးစခန်းနဲ့ နီးစပ်သူ တဦးကပြောပါတယ်။

"ကယ်ဆယ်ရေးစခန်းထဲမှာ စစ်သင်တန်းဆင်းထားတဲ့ ၁၁၇ ယောက်ထဲက ကျန်းမာရေး မကောင်းတဲ့သူကိုဖယ်ပြီး ကျန်တဲ့လူ ၁၀၀ မှာ အဖွဲ့တဖွဲ့ကို ၂၅ ယောက်နှုန်းနဲ့ ၄ ဖွဲ့ ဖွဲ့ထားပေးတာ။ မနေ့ကမနက် ၉ နာရီခွဲလောက်က စစ်ကားသုံးစီးနဲ့ အဖွဲ့ တစ်နဲ့ နှစ်က မွတ်စလင် ၅၀ ကို ခေါ်သွားပြီး ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်မှာ အယောက် ၂၀ ၊ လေယာဉ်ကွင်းမှာ ၁၀ ယောက်နဲ့ ပြင်ဖြူမော်ရပ်ကွက်မှာ အယောက်  ၂၀ တို့ကို ကင်းစောင့်တာဝန်ချထားပေးခဲ့​တယ်" လို့ သူက ပြောပါတယ်။

ဒါ့အပြင် ကျောက်တလုံးကယ်ဆယ်ရေးစခန်းရှိ စစ်သင်တန်းဆင်း အဖွဲ့ ၃ နဲ့ အဖွဲ့ ၄ က အယောက် ၅၀ ကိုလည်း ပြင်ဖြူမော်ရပ်ကွက်နဲ့ ငလပွေ့ရပ်ကွက်ရှိ စစ်ကောင်စီတပ်က အသစ် ဆောက်လုပ်ထားတဲ့ ကွန်ကရစ်ဘန်ကာတွေမှာ လုံခြုံရေးကင်းစောင့်ခိုင်းဖို့ စီစဥ်နေကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းက အမျိုးသား ၁၁၇ ဦးကို ခမရ ၅၄၂ တပ်ရင်းကိုခေါ်ဆောင်လာကာ ဗျူဟာမှူးဝဏ္ဏအောင်က ဦးဆောင်ပြီး စစ်သင်တန်းပေးခဲ့တာဖြစ်ကြောင်းနဲ့ စစ်သင်တန်းဆင်း မွတ်စလင်တယောက်ကို တရက်လျှင်ငွေ ၅၈၀၀ နှုန်း ထောက်ပံ့ပေးထား​ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013