Home
မြန်မာသတင်း
မန္တလေးတွင်  ဒုရဲအုပ်နှင့်အဖွဲ့က  ရွှေဆိုင်ကိုဓားပြတိုက် 
DVB
·
March 29, 2024
gold 2932024

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်မှာ မြို့နယ်တရားသူကြီး တဦး ဖွင့်ထားတဲ့ လင်းလက်ဝါရွှေဆိုင်ကို မတ်လ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်က ဒုရဲအုပ် ဦးဆောင်တဲ့လေးယောက်ပါအဖွဲ့က ဓားပြတိုက်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သီရိမာလာအရှေ့ရပ်ကွက်၊ ၂၂ လမ်း၊ ၈၉ ၉၀လမ်းကြားရှိ လင်းလက်ဝါ ရွှေပန်းတိမ်ဆိုင်ကို မနေ့ညနေ ၅ နာရီက  အဖြူရောင်mark-2ကားဖြင့် ဒုရဲအုပ်တဦးနဲ့ အရပ်ဝတ် သုံးဦးတို့ ရောက်ရှိလာပြီး စစ်ဆေးစရာရှိလို့ဆိုကာ  ဓားပြတိုက်ပြီး ရွှေတွေယူကာ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့  မြို့ခံတဦးက ပြောပါတယ်။

"ရဲတွေက စစ်ဆေးစရာရှိတယ်ဆိုပြီး ဓားပြတိုက်သွားတာ ရွှေတွေယူပြီးပြန်ခါနီး သေနတ်နဲ့ ပစ်သွားတယ် လူမထိတော့ မသိဘူး "လို့ ပြောပါတယ်။

လင်းလက်ဝါရွှေဆိုင်ကို ဒုရဲအုပ် တဦးနဲ့ အရပ်ဝတ်အမျိုးသား သုံးဦးဓားပြတိုက်ပြီး ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားပြီးပြန်အထွက် သေနတ်နဲ့ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရသူမရှိဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

"ဒုရဲအုပ်ဦးဆောင်တဲ့အဖွဲ့က ရွှေဆိုင်ဖွင့်ထားတဲ့ အိမ်ကိုလာပြီး စစ်ဆေးစရာရှိတယ်၊ လူရှာစရာ ရှိတယ်ဆိုပြီး ပန်းတိမ်ခန်းထဲကရွှေတွေယူတယ်။ ပြန်အထွက်မှာသေနတ်နဲ့ပစ်သွားတယ်။ လူတော့မထိဘူး။ ရွှေဘယ်လောက်ပါသွားလဲတော့မသိဘူး။ ဆိုင်က မြို့နယ်တရားသူကြီးတဦး မိသားစုပိုင်ဆိုင်ပါ။”

မန္တလေးမြို့မှာ မကြာခဏ ဓားပြတိုက်မှုတွေဖြစ်နေပြီး စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတွေကိုယ်တိုင် ဦးဆောင်ပြီး ဓားပြတိုက်မှုတွေ ကျူးလွန်လာတာကြောင့် ပြည်သူတွေ တပူပေါ်နှစ်ပူဆင့်ရတယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကလည်း  ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြာရှိ KBZ ဘဏ်ခွဲကို အမျိုးသားသုံးဦးက ဓားပြတိုက်ခဲ့ရာတာမှာ သိန်း ၂၀၀၀ ကျော်ပါသွားခဲ့ပါတယ်။

အလားတူပင် ဇန်နဝါရီ ၁၉ ရက်က မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေး တောင်ဘက်ခြမ်း  ၃၉ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားမှာ ရှိတဲ့ ရွှေဆိုင်ကို  ဆိုင်ကယ်နဲ့ရောက်လာတဲ့အမျိုးသား ၃ ဦး က ဓားပြတိုက်သွားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013