စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးကားလမ်းမှာ မတ် ၂၈ ရက် မနက် ၉ နာရီခွဲက စစ်ကောင်စီလက်အောက်ခံ မြင်းချင်းကျေးရွာအုပ်ချုပ်ရေးမှူးလင်မယား သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံ တွေဆီက သိရပါတယ်။
မြင်းချင်းကျေးရွာမှာ စစ်မှုထမ်းစာရင်းကောက်ယူရေးနဲ့ ဆင့်ခေါ်ရေးကိစ္စတွေ ဆောင်ရွက်ဖို့ ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရှုံးကို နေအိမ်မှကားနဲ့ ထွက်လာစဥ် ရွှေဘို-ရေဦးကားလမ်းမပေါ်မှာ ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။
"ရွာထဲမှာပြောနေတာ အုပ်ချုပ်ရေးမှူး လင်မယားသေတယ်။ ယာဥ်မောင်းက မသေဘူး ဒဏ်ရာပဲရတာ ရွာမှာစစ်တပ်က လာပြီးစစ်နေတယ်။ အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်ဆိုတော့ ဘေးရွာကပြည်သူ့စစ်တွေရော ရောက်လာတယ်။ ရွာကနေ စစ်မှုထမ်းကိစ္စ ထွေအုပ်ကိုသွားမေးရင်း အပစ်ခံရတာ။”
သေဆုံးသူမှာ မြင်းချင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်ပေါက်ဖြစ်ပြီး ဒဏ်ရာရသူမှာလည်း ပြည်သူ့စစ်အဖွဲ့ဝင်တဦးဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ရွှေဘိုက ဌာနဆိုင်ရာထဲမှာ ဖရဲသီးရှိလို့ အခုလိုအသတ်ခံရတာဆိုပြီး အုပ်ချုပ်ရေးဘက်က စွပ်စွဲနေတယ်။ ကြက်ခြေနီအဖွဲ့က အုပ်ချုပ်ရေးမှူးရယ်၊ ထွေအုပ်စာရေးရယ်၊ အခုအိမ်ကထွက်လာတဲ့ အုပ်ချုပ်ရေးမှူးလင်မယားအသတ်ခံရတယ်ဆိုတော့ ဖရဲသီးက သတင်းအတိအကျပေးတယ်ဆိုပြီး စစ်တပ်က စစ်ဆေးနေတယ်။”
ရွှေဘိုမြို့နယ်မှာ မတ်လ ၂၂ ရက်နဲ့ ၂၄ ရက်မှာ အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦးနဲ့ ထွေအုပ်စာရေး ဒေါ်မြမြငြိမ်းလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် စစ်မှုထမ်းစာရင်းကောက်ယူတဲ့ လုပ်ငန်းကို ခေတ္တရပ်နားထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။