စီးပွားဖြစ် ငါးဖမ်းခြင်းကြောင့် ရေနက်ပိုင်းမှာ နေထိုင်တဲ့ ငါးမန်းတွေနဲ့ ငါးလိပ်ကျောက်တွေဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။
အနက် မီတာ ၂၀၀ ထက် ကျော်လွန်ပြီး နက်ရှိုင်းတဲ့ သမုဒ္ဒရာဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အရှုပ်ထွေးဆုံးသော ပတ်ဝန်းကျင်တွေထဲက တခုဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့သမုဒ္ဒရာ ဧရိယာရဲ့ ၈၄ ရာခိုင်နှုန်းနဲ့ သူ့ရဲ့ ထုထည် ၉၈ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး မတူညီ ကွဲပြားတဲ့ မျိုးစိတ်များစွာ ရှိနေတဲ့နေရာလည်း ဖြစ်ပါတယ်။
ရေနက်ပိုင်း ဇီဝမျိုးစုံမျိုးကွဲများ အခြေအနေကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ခြင်း မရှိတဲ့အပြင် ငါးဖမ်းယူမှုနဲ့ ပတ်သက်တဲ့ လမ်းညွှန်မှုနဲ့ဆိုင်တဲ့ မူဝါဒတွေကိုလည်း ငါးဖမ်းလုပ်ငန်းကို ညွှန်ကြားမှု မရှိတာကြောင့် နက်ရှိုင်းတဲ့ သမုဒ္ဒရာဟာ ကမ္ဘာပေါ်က လေ့လာမှုအနည်းဆုံး နေရာတွေထဲမှာ ရှိနေပါတယ်။
ယနေ့ခေတ်မှာ ကျွန်ုပ်တို့ဟာ အဲဒီဒေသမှာရှိတဲ့ မျိုးစိတ် တဝက်လောက်ကိုပဲ အသိအမှတ်ပြု သတ်မှတ်ထားရသေးပြီး အဲဒီထဲမှာ ငါးမန်းတွေ၊ ငါးလိပ်ကျောက်တွေနဲ့ အင်္ဂါနှစ်မျိုးပါတဲ့ တိရစ္ဆာန်တွေ နေထိုင်ကြပြီး အထူးသဖြင့်တော့ ရေနက်ငါးမန်းတွေနဲ့ ငါးလိပ်ကျောက်တွေ နေထိုင် ကျက်စားနေကြပါသေးတယ်။
သုတေသီတွေရဲ့ သုတေသနပြုချက်ဟာ နက်နဲတဲ့ ပင်လယ်ပြင်အပေါ် လူတွေရဲ့ ကြီးထွားလာနေတဲ့ အကျိုးသက်ရောက်မှုဟာ ဒီမျိုးစိတ်တွေအတွက် ခြိမ်းခြောက်မှုကို ဘယ်လို ဖြစ်ပေါ်စေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်။
အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ ခြိမ်းခြောက်ခံရတဲ့ မျိုးစိတ်တွေရဲ့ စာရင်းမှာ ငါးဖမ်းခြင်းကို ကျယ်ပြန့်စွာ လုပ်ဆောင်လာကြတဲ့အတွက် ခြိမ်းခြောက်ခံနေရတဲ့ ရေနက်ငါးမန်းနဲ့ ငါးလိပ်ကျောက် အရေအတွက်ဟာ ၁၉၈၀ နဲ့ ၂၀၀၅ ခုနှစ်ကြားမှာ နှစ်ဆကျော် တိုးလာတယ်လို့ ပြသထားပါတယ်။
မျိုးစိတ် ၇ မျိုးဟာ မျိုးသုဉ်းဖို့ ခြိမ်းခြောက်ခံနေရတယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။
အသားနဲ့ အဆီအတွက် ငါးဖမ်းခြင်း
ရေနက်ပိုင်းရှိ ငါးမန်းတွေနဲ့ ငါးလိပ်ကျောက်တွေဟာ အဏ္ဏဝါကျောရိုးရှိ သတ္တဝါတွေထဲမှာ အလွန်အကျွံ အမြတ်ထုတ်ဖို့ အထိခိုက်မခံနိုင်ဆုံး အုပ်စုတွေ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ ရှည်လျားတဲ့ သက်တမ်းကြောင့် (သက်တမ်း ၄၅၀ ခန့်ရှိနိုင်တဲ့ ဂရင်းလန်းငါးမန်း) နဲ့ မျိုးပွားမှုနှုန်း နည်းပါးခြင်း (တသက်တွင် ၁၂ ကောင်သာ မျိုးပွားတဲ့ ဂေါ်လ်ပါငါးမန်း) တို့ကြောင့် ဖြစ်ပါတယ်။
ဒီဇီဝလက္ခဏာတွေဟာ အရင်က အမြတ်ထုတ်ခံခဲ့ရပြီး အခုအခါ အလွန်ကာကွယ်ထားတဲ့ ရေနေ နို့တိုက်သတ္တဝါတွေနဲ့ ဆင်တူပါတယ်။
ဒီငါးမန်းတွေရဲ့ မွေးရာပါ အားနည်းချက်ကို သိရှိထားပေမဲ့ ရေနက်ငါးမန်းတွေအတွက် မျိုးစိတ်အလိုက် စီမံဆောင်ရွက်မှု အလွန်နည်းပါးပါတယ်။
သုတေသီတွေရဲ့ သုတေသနပြုချက်အရ ငါးအလွန်အကျွံဖမ်းခြင်းဟာ ရေနက်ပိုင်းရှိ ငါးမန်းတွေနဲ့ ငါးလိပ်ကျောက်တွေအတွက် အဓိကခြိမ်းခြောက်မှုဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဖမ်းမိတဲ့ငါးတွေရဲ့ အသားနဲ့ အသည်းဆီကို ထုတ်ယူ အသုံးပြုကြပါတယ်။
နိုင်ငံအများအပြားမှာ ရေနက်ပိုင်း ငါးမန်းတွေနဲ့ ငါးလိပ်ကျောက်တွေကို သူတို့ရဲ့ အသည်းဆီရဲ့ တန်ဖိုးမြင့်မားမှုနဲ့ စတိတ်အသားဝယ်လိုအား မြင့်မားမှုကြောင့် ကြိုဆိုလက်ခံတဲ့ ဖမ်းပွဲတခုအဖြစ် မှတ်ယူကြပါတယ်။ သူတို့ဟာ ကုန်သွယ်မှုအသစ်တွေ မဟုတ်ပေမဲ့ အထူးသဖြင့် ငါးမန်းအသည်းဆီအတွက် ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်မှုနဲ့ ကွဲပြားစွာ အသုံးပြုမှုဟာ အတော်လေး အသစ်ဖြစ်တဲ့ ဖြစ်စဉ်တခု ဖြစ်ပါတယ်။
ပစ်မှတ်ထားတဲ့ ငါးမန်းအသည်းဆီ ငါးဖမ်းလုပ်ငန်းဟာ အလုံးအရင်းနဲ့ ငါးဖမ်းလုပ်ငန်း ဖြစ်ပါတယ်။ ဒါဟာ ငါးမန်းဦးရေကို နိမ့်ကျစေပြီး မျိုးသုဉ်းမယ့်အန္တရာယ်ကို (နှစ် ၂၀ ထက်နည်းသော) အချိန်တိုအတွင်း မြှင့်တင်ပေးနေတာပါ။ အလှကုန်နဲ့ လူ့ကျန်းမာရေး ထုတ်ကုန်တွေမှာ အသုံးပြုဖို့အတွက် ငါးမန်းအသည်းဆီကို အထူးစိတ်ဝင်စားမှု ရှိနေကြပါတယ်။
ဒါပေမဲ့ ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် အသည်းဆီ အသုံးပြုခြင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ လူ့ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို အကဲဖြတ်မှု မရှိနေပါဘူး။ (ရေနက်ပိုင်း ငါးမန်းတွေဟာ ပြင်းထန်တဲ့ သတ္တုတွေနဲ့ ညစ်ညမ်းစေတဲ့ ပမာဏ သို့မဟုတ် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေထက် ကျော်ပြီး စုနေနိုင်ပါတယ်)။
ရေနက်ပိုင်းငါးမန်းအတွက် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု လိုအပ်ချက်
ခြိမ်းခြောက်ခံနေရတဲ့ ကမ်းရိုးတန်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန်ဆူးတောင်များ ရောင်းဝယ် ဖောက်ကားမှုဆိုင်ရာ စည်းမျဉ်းများ အပါအဝင် ငါးမန်းထိန်းသိမ်းရေးမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ရေနက်ပိုင်းရှိ ငါးမန်းတွေကတော့ ထိန်းသိမ်းစောင့်ရှောက်ရေး ဆွေးနွေးမှုတွေမှာ ချန်လှပ်ထားခံနေရပါတယ်။
တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန်တွေ မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်မှာ ရေနက်ငါးမန်း သို့မဟုတ် ငါးလိပ်ကျောက်အတွက် စာရင်းအဆိုပြုချက်ကို မတွေ့ရသေးပါဘူး။
ရေနက်ပိုင်းငါးမန်းတွေနဲ့ ငါးလိပ်ကျောက်တွေကို ကုန်သွယ်မှုနဲ့ ငါးဖမ်းခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို တရားဝင်၊ ခြေရာခံနိုင်တဲ့ ရေရှည်တည်တံ့တဲ့ ကုန်သွယ်မှုကို သေချာစေဖို့နဲ့ သူတို့ရဲ့ နောက်ထပ်အန္တရာယ်များကို တားဆီးဖို့ သုတေသီတွေက တောင်းဆိုထားပါတယ်။
နိုင်ငံတကာမှာ ရောင်းဝယ်ဖောက်ကားနေတဲ့ အသည်းအဆီ ပါဝင်တဲ့ မျိုးစိတ်တွေကို ဆုံးဖြတ်ဖို့ လက်ရှိမှာ အကန့်အသတ်တွေ ရှိပါတယ်။ ဒါဟာ ရေရှည်တည်တံ့တဲ့ ငါးဖမ်းလုပ်ငန်းရလဒ် ဖြစ်နိုင်ပေမဲ့လည်း လက်ရှိစည်းမျဉ်းစည်းကမ်းတွေ ကင်းမဲ့ခြင်းဟာ ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်တွေရဲ့ ကုန်သွယ်မှုကို ဖုံးကွယ်ထားနေနိုင်ပါတယ်။
ငါးဖမ်းခြင်းကနေ လွတ်မြောက်ဖို့ ပြန်လည်ထူထောင်ရေးနဲ့ ရေရှည်ရှင်သန်မှုကို မြှင့်တင်ဖို့အတွက် ရေနက်ငါးမန်းတွေနဲ့ ငါးလိပ်ကျောက်တွေအတွက် အရေးကြီးတဲ့ ဧရိယာများကို ပိတ်ပစ်ဖို့ သုတေသီတွေက အဆိုပြုပါတယ်။ ရေနက်ပိုင်းရှိ ငါးမန်းတိုင်း နီးပါးဟာ မတော်တဆ ဖမ်းမိခြင်းကြောင့် ခြိမ်းခြောက်ခံနေရပါတယ်။
အပြည်ပြည်ဆိုင်ရာ ပင်လယ်ရှာဖွေရေးကောင်စီရဲ့ လက်အောက်ရှိ ဥရောပရေပိုင်နက်ဆိုင်ရာ စီမံခန့်ခွဲရေး အပါအဝင် ဒေသတွင်းတချို့မှာ ထိန်းသိမ်းတားမြစ်မှုများကို လျော့ပါးသက်သာစေရေး မဟာဗျူဟာအဖြစ် အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ အနက်ကနေ မျက်နှာပြင်ပေါ်ကို ထွက်ရှိလာတဲ့ တားမြစ်မျိုးစိတ်တွေရဲ့ သေဆုံးမှုကို သူတို့ မတားဆီးနိုင်ပါဘူး။
ပထမနေရာမှာ ဖမ်းမိဖို့ ကြိုးပမ်းမှုတွေ လိုအပ်ပါတယ်။ နယူးဇီလန်ကနေ အတည်ပြုပြီးဖြစ်တဲ့ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၃၀ ပြည့်နှစ်မှာ သမုဒ္ဒရာရဲ့ ၃၀ ရာခိုင်နှုန်းကို ကာကွယ်ဖို့ ကမ္ဘာလုံးဆိုင်ရာ တွန်းအားပေးမှုတရပ် ရှိလာခဲ့ပါတယ်။
သုတေသနတွေအရ သမုဒ္ဒရာရေနက်ပိုင်းရဲ့ ၃၀ ရာခိုင်နှုန်း (မီတာ ၂၀၀-၂၀၀၀) ကို ကာကွယ်ခြင်းဟာ ရေနက်ပိုင်း ငါးမန်းမျိုးစိတ်တွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို သူတို့ရဲ့ အကွာအဝေးတလျှောက် တစိတ်တပိုင်းနေရာအလိုက် ကာကွယ်မှုပေးမှာဖြစ်ကြောင်း ပြသထားပါတယ်။ အကယ်၍ မီတာ ၈၀၀ အောက် ငါးဖမ်းခြင်းကို ကမ္ဘာတဝန်းမှာ တားမြစ်ထားမယ်ဆိုရင် ခြိမ်းခြောက်ခံနေရတဲ့ ရေနက်ပိုင်းငါးမန်းတွေနဲ့ ငါးလိပ်ကျောက်တွေရဲ့ သုံးပုံတပုံအတွက် ဒေါင်လိုက်ခိုလှုံရာ ၃၀ ရာခိုင်နှုန်း ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီမျိုးစိတ်တွေရဲ့ မျိုးသုဉ်းခြင်းအန္တရာယ်ဟာ ရေတိမ်ပိုင်း မျိုးစိတ်တွေထက် များစွာ နိမ့်ကျပေမဲ့လည်း သူတို့ရဲ့ သက်တမ်းရှည်ကြာမှုနဲ့ မျိုးပါးမှု နည်းပါးခြင်းကြောင့် မျိုးစိတ်ကို ပြန်လည်ရရှိဖို့ အလားအလာက များစွာ လျော့နည်းသွားပါတယ်။ လေ့လာမှုတခုအရ ဂယ်လ်ပါငါးမန်း (Centrophorus uyato) ဟာ သူတို့ရဲ့ မူလဦးရေရဲ့ ၂၀ ရာခိုင်နှုန်းမျှသာ ပြန်လည်ရရှိဖို့ အချိန် ၆၃ နှစ် သို့မဟုတ် အဲဒီထက်ပိုပြီး အချိန်ယူရမယ်လို့ ခန့်မှန်းထားပါတယ်။
ကမ္ဘာတဝန်းက ငါးမန်းကောင်ရေ အများအပြား ဒုက္ခရောက်နေကြတာကို လူသားတွေ သိပါတယ်။ ခြိမ်းခြောက်ခံနေရတဲ့ ရေနက်ငါးမန်းတွေဟာ ချက်ချင်းအရေးယူဆောင်ရွက်ခြင်းမရှိဘဲ ပြန်လည်ကောင်းမွန်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။ အခုအချိန်ဟာ ကမ္ဘာ့ငါးမန်းတွေနဲ့ ငါးလိပ်ကျောက် ထက်ဝက်ဟာ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှု အကျပ်အတည်းကနေ ခိုလှုံရာဖြစ်ကြောင်း သေချာစေဖို့ နက်ရှိုင်းတဲ့ သမုဒ္ဒရာအတွင်း ထိရောက်တဲ့ ထိန်းသိမ်းရေး လုပ်ဆောင်မှုတွေကို အကောင်အထည်ဖော်ရမယ့်အချိန် ဖြစ်ပါတယ်။
လီလီ
(The Conversation ဝက်ဆိုက်မှာ ငါးလုပ်ငန်းဆိုင်ရာသိပ္ပံပညာရှင် Brittany Finucci နဲ့ James Cook University အကြီးတန်းသုတေသီ Cassandra Rigby တို့ ပူးပေါင်းရေးသားထားတဲ့ “Fished for their meat and liver oil, many remarkable deep-water sharks and rays now face extinction” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)