တရုတ် - မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကို မတ် ၂၉ ရက် ဒီမနက် ၄ နာရီကျော်ကစပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေနဲ့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒေသခံ တဦးက "စစ်ကောင်စီတွေ မပစ်ခိုင်းဘူးတဲ့။ သူတို့ဘာသာ သူတို့ ပစ်ပြီး သူတို့ကို ဒီမနက် တရုတ်ဘက်က ခေါ်သွားလိုက်ပြီတဲ့။ တရုတ်တွေ ဘယ်ဘက် ထုတ်ပေးမလဲမသိဘူး။ အဲဒီ မူဆယ်ဘက်လား၊ ဘယ်ဘက်ကနေ ထုတ်ပေးမလဲမသိဘူး" လို့ ပြောပါတယ်။
မနေ့က ဝိုင်းဝန်းပိတ်ဆို့ထားတာမှ စစ်ကောင်စီတပ်က သူတို့ကို မပစ်ဖို့နဲ့ သူတို့ ဘာသာ ထွက်သွားမယ်ဆိုပြီး တောင်းပန်လို့ ဒီမနက်ကျတော့ တရုတ်ဘက်က သူတို့နယ်စပ်ဘက် ခေါ်သွားလိုက်ပြီလို့ သူက ပြောပါတယ်။
KIA သတင်း ရင်းမြစ်တဦးက"ဒီမနက် ၄ နာရီ၊ ၄ နာရီခွဲလောက်မှာ သူတို့ ဘာသာ သူတို့ ထွက်သွားတာ။ တရုတ်ဘက် အကုန် ဝင်သွားပြီ လို့ပြောတယ်" လို့ ပြောပါတယ်။
လွယ်ဂျယ်ကနေ စစ်ကောင်စီတွေနဲ့ အစိုးရ ဝန်ထမ်းတွေအားလုံးကို တရုတ် အစိုးရ ဘက်ကနေ ကျန်းဖုန်းကို အကုန်ဝင်ဖို့ နယ်စပ်ဂိတ်တံခါးကြီး ဖွင့်ပေးတယ်လို့ ဆိုပါတယ်။
နောက်ထပ် KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက "မနေ့ည အဲဒီ လွယ်ဂျယ်က ဝန်းထမ်းတွေ၊ ရဲတွေ၊ လဝကတွေ၊ စစ်သားမိန်းမတွေ၊ စစ်သားတွေ အကုန်လုံး ဒီလာရင်းကနေ မူဆယ်ဘက် ပို့ပေးလိုက်ပြီ။ လွယ်ဂျယ်မှာ ကျနော်တို့ KIA တွေ အကုန်ထိုင်လိုက်ပြီ။" လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က မတိုက်ဖို့ ညှိလာပြီး မနေ့ည ၄ နာရီမှာ စစ်ကောင်စီတွေရဲ့ လက်နက်ခဲယမ်းပစ္စည်းတွေ အကုန်လုံးဖောက်ခွဲပစ်ခဲ့တယ်လို့ ဆိုပါတယ်။
မနက်အစောပိုင်းကတော့ တရုတ်ဘက်က နယ်စပ်ဂိတ်ကို ဖွင့်မပေးသေးပေမဲ့ တရုတ်ဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတဦးက တရုတ်ဘက်ခြမ်း နယ်စပ်ဂိတ်တံခါး ဂိတ်ဖွင့်ပေးရင် မြန်မာဘက်ခြမ်းနယ်စပ်က ပြည်သူတွေ တရုတ်ဘက် ပေးမဝင်လာဖို့၊ တိုက်ပွဲမရှိတော့တာကြောင့် ပုံမှန်အတိုင်းနေထိုင်ကြဖို့ ပြောပေးဖို့ တောင်းဆိုလာတယ်လို့ ဆိုပါတယ်။
မတ်လ ၂၇ ရက်နဲ့ ၂၈ ရက် နှစ်ရက်အတွင်း လွယ်ဂျယ် - ဗန်းမော်လမ်းမ ပေါ်မှာရှိတဲ့ စစ်ကောင်စီ ရဲ့ နာမည်ကြီး ယောယုံ ဗျူဟာတပ်စခန်းကြီးနဲ့ ကာကင်းစခန်း ၈ နေရာခန့်ကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်ထား ပါတယ်။