မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မတ် ၂၈ ရက်က ကုန်တင် Canter ကားတစီးနဲ့ ချည်ထည်စက်ရုံ ဖယ်ရီကြိုပို့ကားတစီးတို့ တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မျိုးဆက်သစ် မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
မိတ္ထီလာမြို့ တောမနဲ့ အုတ်ကျင်းအနီး မဟာစည်တိုးချဲ့လမ်းထိပ်မှာ မတ် ၂၈ ရက် ညနေ ၄ နာရီခွဲလောက်က Canter ခြောက်ဘီးကားက စက်ဘီးကိုတိုက်မိပြီး ရှောင်လိုက်ရာက အစိုးရချည်ထည်စက်ရုံက ဖယ်ရီကားကို ဝင်တိုက်ခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် စက်ဘီးစီးလာတဲ့ အမျိုးသမီး သေဆုံးပြီး Canter ကားပေါ်က ယာဉ်မောင်းတဦးနဲ့ ဖယ်ရီကားပေါ် လိုက်ပါလာတဲ့ ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ Canter ကားက လမ်းဘေးမှာ စက်ဘီးစီးနေတဲ့ ကလေးမလေးကို ရှောင်နေရင်းနဲ့ တိုက်မိပြီး ဟိုဘက်ကလာတဲ့ ချည်ထည်စက်ရုံက ဖယ်ရီကားပါ တိုက်မိတာ။ စက်ဘီးနဲ့လာတဲ့ ကောင်မလေးက နေရာမှာပဲ သေသွားတယ်။ Canter ယာဉ်မောင်းနဲ့ ဖယ်ရီပေါ်က နှစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ကျန်တာကတော့ ပွန်းတာပဲ့တာလောက်ပဲရှိတယ်” လို့ ပြောပါတယ်။
သေဆုံးသူအမျိုးသမီးနဲ့ ဒဏ်ရာရရှိသူ ၂၇ ဦးလုံးကို မျိုးဆက်သစ်မြတ်ပါရမီ လူမှုကူညီရေးအသင်းနဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး သစ္စာရှင် ပရဟိတ သွေးအလှူရှင် အသင်းတို့က မိတ္ထီလာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။