Home
နိုင်ငံတကာ
အီကွေဒေါတွင် သတ္တုတူးဖော်မှု ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က လူစုခွဲ
DVB
·
March 28, 2024
Ecuador_28032024

အီကွေဒေါနိုင်ငံ၊ ကညားပြည်နယ်၊ ပါလိုကေမာဒိုမြို့မှာ သတ္တုတူးဖော်ခွင့်နဲ့ပတ်သက်လို့ တင်းမာမှုတွေ ဆက်ဖြစ်ပေါ်နေပြီး မြို့တော်ကွီတိုမှာလည်း သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန အပြင်ဘက်မှာ သတ္တုတူးဖော်ရေးဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေကို အီကွေဒေါရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။

ပါလိုကေမာဒိုမြို့မှာ ရွှေ၊ ငွေနဲ့ ကြေးနီ တူးဖော်ရေးအတွက် လမ်းထွင်နေတဲ့ အစိုးရအစီအစဉ်ကို ဒေသခံတွေက ကန့်ကွက်နေကြတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက အများစုဖြစ်တဲ့ ဆန္ဒပြသူတွေဟာ ပါလိုကေမာဒို မြို့ခံတွေဘက်ကနေ ထောက်ခံဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မိုင်းတွင်းတွေဟာ ဒေသခံတွေရဲ့ ပတ်ဝန်းကျင်ကို ပျက်စီးစေပြီး ရေအရင်းအမြစ်တွေကိုလည်း ထိခိုက်နိုင်ကြောင်း ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

မတ် ၁၉ ရက်က အစိုးရက နယ်မြေခံရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို လုံခြုံရေးချထားရာက ပဋိပက္ခ ပိုမိုပြင်းထန်လာပြီး လုံခြုံရေးဝန်ထမ်းတွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရာမှာ အခုချိန်အထိ လူပေါင်း ၄၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပါလိုကေမာဒိုမြို့ကနေ ကီလိုမီတာ ၁၀၀ အကွာအဝေးမှာရှိတဲ့ ကိုတိုပါ့စီပြည်နယ်ရဲ့ မြို့တော် လာတာကွန်းဂါမှာ တက်ကြွလှုပ်ရှားသူတွေကလည်း ပါလိုကေမာဒို မြို့ခံတွေအတွက် ထောက်ခံကြောင်း ပြသတဲ့ ဆန္ဒပြပွဲတခုကို ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဌာနေခေါင်းဆောင် ဒီယိုဆယ်လီနာ အီဇာက “ရေက ရွှေထက် ပိုတန်ဖိုးရှိတာကြောင့် ပြည်သူလူထုက ဒေါသထွက်ရတာဖြစ်ပြီး သတ္တုတူးဖော်ရေးကုမ္ပဏီတွေ နယ်မြေတွေထဲကနေ ထွက်ခွာသွားတဲ့အထိ ဆန္ဒဆက်ပြသွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

သဘာဝ ကမ္ဘာမြေကြီးကို ကာကွယ်ဖို့ အသက်တွေလည်း ပေးထားကြောင်း သူကဆိုပါတယ်။

အီကွေဒေါ ဌာနေတိုင်းရင်းသားလူမျိုးများအဖွဲ့ချုပ် (CONAIE) က သူ့ရဲ့ X လူမှုမီဒီယာမှာ ဒါဟာ “ဖိနှိပ်မှု” လို့ အစိုးရကို စွပ်စွဲထားပြီးမြို့ရဲ့ မိုင်းတွင်းအရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် အသိပေး ဆွေးနွေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အီကွေဒေါနိုင်ငံဟာ အုပ်စုဖွဲ့ အကြမ်းဖက်မှုလှိုင်းတွေကို ချေမှုန်းဖို့အတွက် ဇန်နဝါရီကတည်းက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013