အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာ လေကြောင်းတိုက်ခိုက်တာတွေ အရှိန်မြှင့်လာချိန် မတ် ၂၇ ရက်က အနည်းဆုံး ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ခဲ့ပါတယ်။
အစ္စရေးက ရာဖာမြို့ကို ချေမှုန်းမယ့်အချိန်ကို ကာလတာရှည် စောင့်နေခဲ့တဲ့ ပါလက်စတိုင်းတို့ ကြားမှာလည်း ဒီအချိန် မကြာခင်ရောက်လာတော့မှာကို စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
အစ္စရေးက တောင်ပိုင်းမြို့ ရာဖာမှာရှိတဲ့ အိမ်သုံးလုံးကို ဗုံးကြဲပြီးတဲ့နောက် နာရီပိုင်းအကြာ ဂါဇာကမ်းမြောင်ဒေသမှာ ပေါက်ကွဲမှုတွေဖြစ်အပြီး မီးခိုးတွေ မြင့်တက်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတရပ်အတွင်း မိသားစုတစုထဲက လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
အစ္စရေးရဲ့ အနီးကပ်ဆုံးမဟာမိတ် အမေရိကန်အစိုးရက ရာဖာတိုက်ခိုက်မှုကို ဆန့်ကျင်ပြီး အရပ်သားအများအပြား အန္တရာယ် ဖြစ်လိမ့်မယ်လို့ ပြောရင်း ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မဲမပေးဘဲ နေခဲ့ပါတယ်။
ရာဖာမြို့ စစ်ဆင်ရေးကြောင့် စီစဉ်ထားပြီးသား အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုကို အစ္စရေးဝန်ကြီးချုပ်က ဖျက်သိမ်းခဲ့တာပါ။
ဒါပေမဲ့ ဗုဒ္ဓဟူးနေ့မှာတော့ တွေ့ဆုံဖို့ ပြန်စီစဉ်မယ်လို့ ပြောခဲ့ကြောင်း အမေရိကန် အရာရှိတဦးကို ကိုးကားပြီး NBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Source/Photo-REUTERS/Amir Cohen