တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ကိုဝင်းသီဟအောင်ကို အကျဥ်းထောင် ဝန်ထမ်းတွေက မတ် ၁၆ ရက်မှာ ခေါ်ယူသွားပြီး သတ်ဖြတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်က မတ် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ထောင်ဒဏ် ၇ နှစ် ကျခံထားရတဲ့ အသက် ၃၅ ဝန်းကျင်အရွယ် ကိုဝင်းသီဟအောင်ကို အကျဉ်းထောင်အာဏာပိုင်တွေက သက်သေပစ္စည်းတွေ လိုက်ပြဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လာခေါ်သွားတာပါ။
ဒီနောက် ကိုဝင်းသီဟက သက်သေခံပစ္စည်းလိုက်ပြစဥ် ထွက်ပြေးဖို့ ကြံစည်တဲ့အတွက် ခြောက်လန့်ပစ်ခတ် ဖမ်းဆီးရာက သေဆုံးသွားတယ်လို့ ထားဝယ်အကျဥ်းဦးစီးဌာနရဲ့ ပြောကြားချက်ကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက “ဒီလိုမျိုး လူတယောက်ကို ထွက်ပြေးဖို့ကြံစည်လို့ သတ်လိုက်တဲ့ အကြောင်းပြချက် အလွန်ယုတ္တိကင်းမဲ့ရာကျတယ်။ အရင်ကလည်း အဲဒီလိုအကြောင်းပြချက်တွေ ပေးပြီး သတ်လိုက်တဲ့ ဖြစ်စဥ်တွေလည်း ရှိတယ်။ နိုင်ကျဥ်းတွေဖြစ်တဲ့ မနိုဘယ်အေး၊ ဒိုက်ဦးထောင်က ထောင်ပြောင်းတဲ့ နိုင်ကျဉ်း ၁၀ ဦးကိုလည်း ထွက်ပြေးရန်ကြံစည်လို့ အကြောင်းပြချက်နဲ့ သတ်ပစ်လိုက်တာတွေ ရှိတယ်” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဥ်အပေါ် ထားဝယ်အကျဥ်းထောင် အာဏာပိုင်တွေကလည်း မိသားစုထံ စာပို့အကြောင်းကြားတာတွေ၊ ဖုန်းဆက်အသိပေးတာတွေ မပြုဘဲ သေဆုံးမှု သတင်းကို ဖုံးကွယ်ထားတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက “အကျဥ်းထောင်ထဲမှာ နိုင်ကျဥ်းတွေ ဘဝက အသက်အာမခံချက် မရှိဘူး။ အချိန်မရွေး သတ်ဖြတ်ခံရနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ အခုလက်ရှိ အနေအထားကလည်း ကျနော်တို့ နိုင်ကျဥ်းတွေအပေါ်မှာ တကယ် ဖမ်းဆီးသတ်ဖြတ်နေတယ်” လို့ ပြောပါတယ်။
အထက်ပါဖြစ်စဥ်နဲ့ပတ်သက်ပြီး အသိစိတ်သိနိုင်ဖို့ DVB အနေနဲ့ ထားဝယ်အကျဥ်းထောင် အာဏာပိုင်တွေကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
အကျဉ်းထောင်ပြင်ပသို့ ဥပဒေမဲ့ ခေါ်ဆောင်ပြီး မတရား သတ်ဖြတ်ခံနေကြရတဲ့ ကိစ္စရပ်တွေအပေါ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အပါအဝင် ကုလသမဂ္ဂလက်အောက်ရှိ လူ့အခွင့်အရေးအဖွဲ့တွေ အနေနဲ့ အကျဉ်းထောင်တွေကို အမြဲစောင့်ကြည့် စစ်ဆေးဖော်ထုတ်ပြီး စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနကို ပြင်းထန်တဲ့ ဖိအားပေးမှုတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က တိုက်တွန်း ပါတယ်။