Home
နိုင်ငံတကာ
ဂျာမနီတွင် ဘတ်စ်ကားမြောင်းထဲကျပြီး လူ  ၅ ဦးသေဆုံး၊ ၅၀ ကျော်ဒဏ်ရာရ
DVB
·
March 28, 2024
Coach crash on the A9 motorway near Leipzig

ဂျာမနီအရှေ့ပိုင်း လိုက်ပ်ဇစ်မြို့အနီးရှိ ကားလမ်းမှာ မတ် ၂၇ ရက်က ဘတ်စ်ကားတိုက်မိပြီး အနည်းဆုံး လူငါးဦး သေဆုံးခဲ့ကာ အယောက် ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Flixbus ကုမ္ပဏီရဲ့ ဘတ်စ်ကားတစီးဟာ သူ့ခရီးစဉ် မဆုံးသေးခင်မှာဘဲ ဘာလင်နဲ့ မြူးနစ်ကို ဆက်သွယ်ထားတဲ့ A9 ကားလမ်းရဲ့ ညာဘက်ကို ရုတ်တရက် လမ်းကြောင်းပြောင်းသွားခဲ့ပြီး မြောင်းထဲကို ထိုးကျသွားခဲ့တာပါ။

လိုက်ပ်ဇစ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အိုလာ့ဖ်ဟော့ပယ်က“အခုချိန်အထိ သေဆုံးသူငါးဦးလို့ လောလောဆယ် ပြောထားပေမဲ့ အဲဒီအရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။ ကံမကောင်းစွာဘဲ ဒီမတော်တဆမှုမှာ သေဆုံးသူ အများအပြားရှိခဲ့တယ်” လို့ အခင်းဖြစ်ပွားတဲ့ နေရာမှာ ပြောပါတယ်။

ဘတ်စ်ကားမတော်တဆမှုမှာ  ဒဏ်ရာရသွားတဲ့ ခရီးသည်တွေကိုတော့  အနီးနားရှိ ဆေးရုံအများအပြားကို ပို့ဆောင်ခဲ့ပါတယ်။

မြူးနစ်မြို့ကို ဦးတည်တဲ့လမ်းကို ပိတ်ထားလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို လူနာတင်ယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေလည်း ရောက်လာကြပါတယ်။

မတော်တဆမှုရဲ့ အခြေအနေကို အတိအကျ မသိရသေးဘူးလို့ Flixbus ကုမ္ပဏီက ပြောကြားလိုက်ပြီး ဖြစ်ပျက်ခဲ့တာတွေကို သိရှိနိုင်ဖို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေနဲ့ လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။

ဘာလင်မှ ဇူးရစ်မြို့ကို ထွက်ခွာမယ့် ကားပေါ်မှာ ခရီးသည် ၅၃ ဦးနဲ့ မော်တော်ယာဉ်ဝန်ထမ်း နှစ်ဦး လိုက်ပါလာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ အဲဒီကိန်းဂဏန်းဟာ ဘွတ်ကင်အရေအတွက်ဖြစ်ပြီး ယာဉ်ပေါ်မှာ အမှန်တကယ် ခရီးသည် ဘယ်လောက်လိုက်ပါလာတယ် ဆိုတာကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Source/Photo-REUTERS/Marvin Matzulla/Mitteldeutsche Zeitung

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013