အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ကလေးငယ်တဦး ရေနစ်သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
မတ် ၂၇ ရက် နေ့လယ် ၁ နာရီက လုံလေခရိုင်၊ နှာတျဲလ်ရွာအနီးက ချောင်းမှာ ရေကစားနေစဉ် ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကလေးဟာ နှာတျဲလ်စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် ဆလိုင်းထန်းလျန် ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာစစ်ဘေးရှောင်တဦးက “အဲဒီချောင်းက လူကြီးတွေလည်း ရေချိုးတယ်၊ ကလေးတွေလည်း ရေချိုးတဲ့ ချောင်းလေ၊ တခြားကလေးတွေလည်း ဆော့ရင်းနဲ့မှ အဲကလေးက ရေနစ်ပြီးသေတာ။ သူက နှာတျဲလ်ရွာ မြန်မာကျောင်းမှာ တက်နေတာ ၇ တန်းရောက်နေပြီ” လို့ ပြောပါတယ်။
ဆလိုင်းထန်းလျန်တို့ မိသားစုဟာ ချင်းပြည်နယ် မတူပီမြို့ လောင်ဘန်းရပ်ကွက်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ပြောင်းရွှေ့ စစ်ဘေးရှောင်လာကြတာဖြစ်ပါတယ်။