အခုသီတင်းပတ်အတွင်း ဝါရှင်တန်ကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ကို အစ္စရေးအစိုးရက ဖျက်သိမ်းလိုက်ပါတယ်။
အစ္စရေးအနေနဲ့ ဂါဇာမှာ စစ်ပွဲရပ်တန့်ခိုင်းတဲ့ နိုင်ငံတကာဖိအားကို တိုးမြင့်လာစေအောင် တွန်းအားပေးမှာ မဟုတ်ဘူးဆိုတာကို ဟားမတ်စ်ကို ပြသဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက မတ် ၂၇ ရက်မှာ ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန်မှ ဆိုးရွားတဲ့ လုပ်ရပ်လို့ ထင်မြင်ကြောင်း နေတန်ယာဟုက ပြောဆိုခဲ့ပါတယ်။
အဆိုးဆုံးကတော့ ဟားမတ်စ်ကို သူတို့လိုချင်သလို စည်းမျဥ်းဆွဲဖို့ အားပေးအားမြှောက် လုပ်ခြင်းနဲ့ နိုင်ငံတကာဖိအားတွေက ဓားစာခံတွေကို လွတ်မြောက်စေရေးနဲ့ ဟားမတ်စ်ကို ချေမှုန်းရေးကနေ အစ္စရေးကို တားဆီးနိုင်မယ်လို့ ယုံကြည်နေတာပဲလို့လည်း ဆိုပါတယ်။
ဒါ့ကြောင့် သူ့ကိုယ်စားလှယ်အဖွဲ့ကို ဝါရှင်တန်ကို မစေလွှတ်တော့ဖို့ သူ့ဆုံးဖြတ်ချက်ဟာ ဟားမတ်စ်တွေဆီ ပေးပို့တဲ့ သတင်းစကားပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာဖိအားနဲ့ လောင်းကြေးလာမထပ်နဲ့၊ အလုပ်ဖြစ်မှာမဟုတ်ဘူး ဆိုတာ ဟားမတ်စ်တွေဆီ ပထမဆုံး သတင်းစကားဖြစ်ပြီး ဒါကိုသူတို့ရမယ်လို့ မျှော်လင့်ကြောင်း နေတန်ယာဟုက အစ္စရေးကို ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ရစ်ခ် စကော့ထ်နဲ့ အစည်းအဝေးမှာ ဗီဒီယိုနဲ့ မှတ်ချက်ပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်က အင်္ဂါနေ့မှာ အမေရိကန်-အစ္စရေး ဆက်ဆံရေးရဲ့ အရေးကြီးပုံနဲ့ အစ္စရေးရဲ့ လေကြောင်းစွမ်းရည် အပါအဝင် ဒေသတွင်းမှာ စစ်ရေးခြိမ်းခြောက်မှု မှန်သမျှကို တန်ပြန်ချေမှုန်းနိုင်စွမ်းကို ထိန်းသိမ်းထားကြောင်းတွေကို အမေရိကန်အရာရှိတွေနဲ့ အလေးပေး ပြောကြားခဲ့ကြောင်းလည်း ဆိုပါတယ်။
ဂါလန့်ထ်ဟာ ဝါရှင်တန်မှာ အမေရိကန် အကြီးတန်းအရာရှိတွေနဲ့ အစည်းအဝေး ဒုတိယနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့အကြား စစ်အတွင်း ဆက်ဆံရေး နိမ့်ကျသွားချိန်လည်း ဖြစ်ပါတယ်။
Source/Photo-Reuters