စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး စစ်သင်တန်းတက်ကြဖို့ အင်အားသုံး လူစုဆောင်းနေတဲ့အတွက် ဒေသခံ ၅,၀၀၀ ကျော် အရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇီးကုန်းတိုက်နယ်အတွင်းက သပြေသာ၊ ကျောင်းကုန်း၊ ဖိုလ်ကုန်း စတဲ့ ကျေးရွာသုံးရွာမှာ မတ် ၂၅ ရက်ကတည်းက ဒေသခံတွေကို စစ်သင်တန်းတက်ရောက်ဖို့ လူစာရင်းကောက်ယူနိုင်ရေး စစ်ကောင်စီတပ်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကျေးရွာသုံးရွာက ပြည်သူ ၅,၀၀၀ ကျော်ဟာ နီးစပ်ရာဒေသတွေကို စစ်ဘေးတိမ်းရှောင်နေကြရပြီး စားရေးသောက်ရေး အခက်အခဲတွေ ကြုံနေရတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
အကူအညီပေးနေသူတဦးက “ရွာသုံးရွာက ရှောင်နေရတယ်။ လူဦးရေ ၅,၀၀၀ ကျော်က ရုတ်တရက် ထွက်ပြေးနေရတာပေါ့။ စစ်မှုထမ်းဖို့ စာရင်းကောက်မယ်ဆိုပြီး ရှေ့ကနေ ကင်းပုန်းထိုးပြီး အဝင်မှာ ၂၅ ရက်နေ့က တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့မှုဖြစ်တော့ ရွာထဲကလူတွေ ပြေးကြရတာပေါ့လေ။ စားရေးသောက်ရေးကတော့ နီးစပ်ရာရွာတွေက ကျွေးမွေးနေတာပေါ့။ အဓိက အစားအသောက်နဲ့ အဝတ်အထည် လိုတယ်။ ရေရှည်နေဖို့ထိုင်ဖို့ဆို အမိုးအကာနဲ့ တဲတွေလည်း လိုနေပါတယ်” လို့ ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီတပ်ရဲ့ ဇီးကုန်းအထိုင်စခန်း အနီးမှာ ရှိတဲ့အတွက် ပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ မလွယ်ကူသေးဘူးလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့၊ ကျွန်းလှမြို့နဲ့ သူတို့စိုးမိုးထားတဲ့ ကျေးရွာတွေကို အိမ်ထောင်စုစာရင်းနဲ့ တိုက်စစ်ကာ စစ်သင်တန်းတက်ရောက်ဖို့ အတင်းအကျပ် ဖိအားပေးပြီး လျှောက်လွှာဖြည့်ခိုင်းနေသလို ရပ်ဝေးကို ပြောင်းရွှေ့နေကြသူတွေကိုပါ မဖြစ်မနေ ပြန်ခေါ်ဖို့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့လည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။