စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က အရာရှိတဦးကို ပြည်သူ့ကာကွယ်ရေးတပ်က မတ် ၂၇ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ဖမ်းဆီးရမိတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၉ - Pale Jokers PDF အဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
“ကန့်ဒေါင့်ရွာ နယ်မြေခံရဲစခန်းနဲ့ မီတာ ၁၀၀၀ ဝန်းကျင်မှာ ဖမ်းမိခဲ့တာဗျ။ ကန့်ဒေါင့်နယ်မြေခံ ရဲစခန်းမှာ အထိုင်ချနေတဲ့ သုံးပွင့်ဗိုလ်ပါဗျ။ အမည်က ဟိန်းရဲထက်ပါ။ ပြောရရင် စစ်ကြောင်းမှူးပေါ့။ ဓာတ်ပုံက အရင်က နှစ်ပွင့်ရတုန်းက ရိုက်ထားတဲ့ပုံဟောင်း ဖြစ်မယ်။ အခုလက်ရှိက သုံးပွင့်ဆိုတာကို သူကိုယ်တိုင်ကလည်း ဝန်ခံထွက်ဆိုသလို သူတို့အတွင်းထဲက ဖရဲသီးကလည်း သူတို့ဗိုလ်ကြီး ပျောက်သွားတာ ဟုတ်မှန်တယ်လို့ ပြောတယ်ဗျ။ ကျနော်တို့ ကန့်ဒေါင့်ရွာရဲစခန်းကို စောင်ကြည့်နေချိန် သူထွက်လာစဉ် ဖမ်းဆီးခဲ့တာဗျ။ သူနဲ့အတူ ဖုန်းတလုံး၊ ဆိုင်ကယ်၊ စကားပြောစက်တလုံး သိမ်းဆည်းရမိခဲ့တယ်ဗျ။ ကျနော်တို့ ဖမ်းဆီးရမိတဲ့ စစ်သားကို NUG အစိုးရရဲ့ ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၉ - Pale Jokers PDF အဖွဲ့ တာဝန်ရှိသူ ဗိုလ်ပုလဲက DVB ကို ပြောပါတယ်။
ပုလဲမြို့နယ်၊ ကန့်ဒေါ့င်ရွာဟာ ပုလဲ-ဂန့်ဂေါ လမ်းမပေါ်မှာ တည်ရှိပြီး စစ်ကောင်စီက အထိုင်ချနေတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ ကန်ဒေါင့်ရွာမှာ မကြာခဏ တိုက်ပွဲဖြစ်တာကြောင့် ဒေသခံတွေ ကျေးရွာအတွင်း မနေရဲကြဘဲ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။
ပုလဲမြို့နယ်ပအဖ တာဝန်ရှိသူ ကိုဇော်ထက်က “မနေ့က စစ်ဗိုလ်တယောက် ထိန်းသိမ်းနိုင်တယ်ဆိုတာ ဟုတ်ပါတယ်ဗျ။ ကျနော်တို့ဆီကို ကာကွယ်ရေးတပ်က သတင်းပို့ထားတယ်။ စစ်ရေးဆိုတော့ ခရိုင်စစ်ရေးတာဝန်ရှိသူက လိုအပ်သလို စီမံဆောင်ရွက်ကြမှာပါဗျ” လို့ ပြောပါတယ်။
ကန့်ဒေါင့်ရွာမှာ အခုလို စစ်ကောင်စီအရာရှိ မဖမ်းဆီးမီ အရင်ရက်ပိုင်းက ကန့်ဒေါင့်ရွာအတွင်း ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက် မိုင်းဆွဲတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။