Home
မြန်မာသတင်း
ဆူးလေကုန်းတံတားအနီးတွင် ဗုံးပေါက်ကွဲပြီး ၄ ဦး ဒဏ်ရာရ
DVB
·
March 28, 2024
bomb3_27032024
bomb4_27032024
bomb1_27032024
bomb_27032024

ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမပေါ် ၃၃ လမ်းနဲ့ ဆူးလေလမ်းမထောင့်ရှိ ကုန်းတံတားအတက်မှာ မတ် ၂၇ ရက် ည ၇ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကလေး သုံးယောက်အပါအဝင် လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေး သုံးယောက်ဟာ ဦးခေါင်း၊ မျက်နှာနဲ့ ခြေထောက် ထိခိုက်ဒဏ်ရာရရှိပြီး အသက် ၁၈ နှစ်အရွယ်‌ ယောကျ်ားလေးတယောက်ကတော့ ညာခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မြို့ခံကယ်ဆယ်ရေး အဖွဲ့ဝင်တယောက်က “၃၃ လမ်းအကျော်နဲ့ ဆူးလေလမ်းမကြားက ကုန်းတံတားလေးနားမှာ ပေါက်ကွဲတာ။ ဒဏ်ရာရတာက အားလုံး ယောင်္ကျားလေးတွေ၊ ၁၂ နှစ် ၁၃ နှစ်အရွယ်က သုံးဦး၊ ၁၈ နှစ်အရွယ် တဦး သူကတော့ ခြေထောက်တခုလုံး ကျေပြီး ပြတ်သွားတယ်။ ကျန်တဲ့ ကလေးနှစ်ဦးက ခေါင်းဘက် ထိထားတယ်” လို့ ပြောပါတယ်။

ထိခိုက်သွားတဲ့ ကလေးတွေဟာ ကုန်းတံတားနားမှာ အမှိုက်ကောက်၊ တောင်းရမ်းအလုပ်လုပ်ကိုင်သူတွေဖြစ်ကြပြီး လမ်းဘေးရှိ ဗုံးပါတဲ့ပစ္စည်းကို သွားကိုင်မိရာက ပေါက်ကွဲသွားခဲ့တာပါ။

ဗုံးပေါက်ကွဲမှုနေရာကို လူမှုကယ်ဆယ်ရေးအသင်းတွေက ရောက်ရှိကူညီခဲ့ကြပြီး ဒဏ်ရာရတဲ့သူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ရန်ကုန်မြို့ခံတယောက်က “ကားစောင့်နေရင်း ဝုန်းဆို အသံအကျယ်ကြီးကြားတာ၊ လူလည်း တော်တော်ရှင်းသွားတယ်။ လမ်းပိတ်လိုက်တာတော့ မရှိဘူး။ ကုန်းတံတားလမ်း အကွေ့လေးနားလောက်မှာ။ ထိတဲ့သူတွေ ရှိတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ နှစ်မိနစ်လောက်ဝေးတဲ့နေရာရှိ စစ်ကောင်စီရဲ့ ကျောက်တံတားမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တချို့ လာရောက်စစ်ဆေးခဲ့ကြပြီး မတ် ၂၇ ရက် တော်လှန်ရေးနေ့မှာလည်း ရန်ကုန်တမြို့လုံးနီးပါး စစ်ကားတွေနဲ့ လုံခြုံရေးတင်းကျပ်တဲ့ကြားက ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာပါ။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်မျိုးတော့ မတွေ့ရှိရသေးပေမဲ့ အရေးပေါ်ဌာနမှာ ဆေးကုသမှုခံယူနေသူ လေးယောက်အနက် ဦးခေါင်းထိခိုက်၊ ခြေထောက်ပြတ်တောက်သွားသူ သုံးယောက်က အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013