ရန်ကုန်၊အင်းစိန်မြို့ ဘုရင့်နောင်လမ်းမကြီးပေါ်မှာ မတ် ၂၇ ရက်က YBS ကားတစီး ဘရိတ်ပေါက်ပြီး ဓာတ်တိုင်ကို ဝင်တိုက်တာကြောင့် ခရီးသည် ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တွဲလက်လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
တွဲလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက "မြို့ထဲကနေ လှိုင်သာယာအဆင်းမှာ ဘရိတ်ပေါက်ပြီး ဓာတ်တိုင်ကို ဝင်တိုက်လာတာပါ။ ကားက အပြန်ဆိုတော့ ခရီးသည်က နည်းတယ်။ အများကြီးဆို ဒုက္ခအများကြီးရောက်သွားနိုင်တယ်။ ဒဏ်ရာရရှိသူအားလုံး စိုးရိမ်စရာမရှိဘူးဆိုပေမယ့် နှစ်ဦးကတော့ နည်းနည်းစိုးရိမ်ရတယ်" လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူ ၁၁ ယောက်ထဲက အမျိုးသား လေးယောက်နဲ့ အမျိုးသမီး လေးယောက်တို့ကို တွဲလက်လူမှုကူညီရေးအသင်း၊ စိန်ရတနာနာရေးကူညီမှုအသင်း နဲ့ အနာဂတ်သွေးနဲ့ လူမှုကူညီရေးအသင်းတို့က အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ YBS ယာဉ်မတော်တဆမှု အကြိမ် ၇၀ ဖြစ်ပွားခဲ့ပြီး ၂၈ ယောက် သေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC က ထုတ်ပြန်ခဲ့ပါတယ်။