Home
မြန်မာသတင်း
စစ်တွေတွင် ရိုဟင်ဂျာများကိုစစ်မှုထမ်းခိုင်းရန် စစ်တပ်က ရွာထဲအထိ ဝင်ရောက်ပေါ်တာဆွဲ
DVB
·
March 27, 2024
Military service_27032024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ လူထပ်မပေးတာကြောင့် စစ်ကောင်စီတပ်က ရွာထဲအထိ ဝင်ရောက်ပေါ်တာဆွဲနေတယ်လို့  ဒေသခံ မွတ်စလင် ရိုဟင်ဂျာတွေက ပြောပါတယ်။

စစ်တွေမြို့၊ ဘုမေရွာမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေ စစ်မှုထမ်းဖိုအတွက် အယောက် ၂၀ တောင်းဆိုတာကို မပေးလို့ဆိုပြီး စစ်ကောင်စီတပ်က ရွာထဲကိုအတင်းဝင် ရောက်ပေါ်တာဆွဲနေတယ်လို့ ဘုမေရွာမှ ရိုဟင်ဂျာတဦးက ပြောပါတယ်။

"ပြီးခဲ့တဲ့လကပဲ ၁၅ ယောက်ပေးထားတာ။ အခုသူတို့ ဘယ်ရောက်နေလဲ၊ သေပြီလားလဲ မသိရဘူး။ အခုထပ်ပြီး လူ ၂၀ ပေးရမယ်တဲ့၊ အဲ့ဒါနဲ့ ပထမပေးထားတဲ့ ၁၅ ယောက် ပြန်ပို့ပေးရင် ပေးမယ်လို့ပြောတော့ မရဘူး၊ အဲ့လိုမပေးရင် သူတို့ဟာသူတို့ ရွာထဲဝင်ဆွဲမယ် ပြောတယ်။ ဒါနဲ့ပဲ ရပ်မိ၊ ရပ်ဖတွေနဲ့ တိုင်ပင်ပြီး၊ ရွာထဲမှာငွေစုပြီး သိန်း ၁၀၀ ပေးလိုက်တယ်။ အဲ့ဒါကို ယူသွားတယ်။ နောက်တနေ့ မတ်လ ၂၄ ရက်နေ့ ညနေမှာ အဲ့ဒီငွေတွေ ပြန်လာပေးတယ်။ သူတို့က လူပဲလိုတာ လူပဲပေးတဲ့။ မပေးနိုင်တော့၊ နောက်တနေ့ကစပြီး မနက်ပိုင်းတကြိမ်၊ နေ့လယ်ပိုင်းတကြိမ် ရွာထဲကို ပေါ်တာဝင်ဆွဲတယ်။ ညဘက် ဥပုသ်စောင့်ဖို့ ဘုရားဝတ်ပြုနေချိန်မှာလည်း  အတင်းဝင်ဆွဲလို့ လူငယ်တွေ ထွက်ပြေးနေရတယ်၊ နေ့လယ်ဘက်ဆွဲတာတော့ သုံးလေးယောက်လောက်ပါသွားတယ်။ ထွက်ပြေးတာကလည်း တခြားကို ပြေးလို့မရပါဘူး။ ဒီဘက်ကလာရင် ဟိုဘက်ပြေး၊ ဟိုဘက်ကလာရင် ဒီဘက်ပြေး ပြေးရတာ။ အလွန်ဆုံးရွာအစွန်အဖျားလောက်ပဲ ပြေးလို့ရတာ၊ ပြေးစရာတောင်နေရာမရှိပါဘူး" လို့ ပြောပါတယ်။

သက္ကယ်ပြင် ဒုက္ခသည်စခန်းမှာ နေထိုင်သူတဦးက "ခေါ်သွားတုန်းကတော့ လစာပေးမယ်လို့ ပြောတာပဲ။ သူတို့ ရမရတော့ မသိပါဘူး။ ရွာထဲမှာတော့ သူတို့ကိုထောက်ပံ့ဖိုဆိုပြီး လိုက်ကောက်တယ်၊ ဘယ်လောက် ထည့်ထည့် ထည့်လိုတော့ရတယ်။ ဘယ်သူကမှ မထည်ဘဲ မနေရဲဘူး။ ခေါ်သွားတာက စခန်းထဲက ၃၅၀ လောက်ရှိတယ်။  အနည်းငယ်တော့ ပြန်ရောက်လာတယ်။ သူတို့ကို ရခိုင်စကားမပြောရဘူးတဲ့၊ တခြားစကားပြောလို့ရတယ်တဲ့။ အိမ်မှာ အဆင်သင့်စောင့်နေ သူတို့ခေါ်တဲ့အချိန် တန်းလိုက်ရမယ်တဲ့။ အခု‌ပြန်မလာတော့တဲ့ လူ ၃၀၀ ကျော်လောက်ကတော့ တိုက်ပွဲမှာ ကျသွားပြီလို့ ကြားနေတော့၊ အားလုံးက လန့်နေကြတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်နေတာကို အာရုံလွဲဖိုအတွက် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်အောင် အခုရက်ပိုင်းတွေမှာ ပိုမိုအားစိုက်လုပ်လာတာကို တွေ့ရပါတယ်။ 

မတ် ၁၉ ရက်ကလည်း ဘူးသီးတောင်အခြေစိုက် စကခ (၁၅) က အဓိကကြိုးကိုင်ပြီး မွတ်စလင်တွေကို ဆန္ဒပြခိုင်းခဲ့သလို မောင်တောမြိုမှာလည်း ကြိုးစားနေတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့  စစ်ကောင်စီကဖြစ်စေချင်တဲ့ နိုင်ငံရေးထောင်ခြောက်ထဲ သက်ဆင်းမသွားဘဲ သတိထားနေကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကို အတင်းအဓမ္မစစ်သား စုဆောင်းပြီး ရှေ့တန်းမှာ ထည့်သွင်းအသုံးပြုလာတာကို တွေ့ရှိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စစ်တွေ ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာ ၃၅၀ ခန့်၊ ဘုမေရွာက ၂၉ ယောက်၊ ဘဆာရွာက ၂၄ ယောက် အပါအဝင် စုစုပေါင်း  ၄၀၀ လောက်ကို စစ်မှုထမ်းဖို့ဆိုပြီး စစ်ကောင်စီတပ်က ခေါ်ဆောင်သွားတာပါ။

မတ် ၁၃ ရက် ညနေပိုင်းမှာတော့ သက္ကယ်ပြင် ဒုက္ခသည်စခန်းက သုံးဦး၊ အုန်းတောကြီး ဒုက္ခသည်စခန်းက လေးဦးရဲ့ အလောင်းတွေကို စစ်ကောင်စီတပ်က ပြန်လာပို့သွားတယ်လို့  သက္ကယ်ပြင် ဒုက္ခသည်စခန်းနေသူတဦးက  ပြောပါတယ်။

မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013