Home
မေးမြန်းခန်း
“မင်းအောင်လှိုင်တို့လူတစုကို တရားစွဲထားပြီးသား ရှိနေပြီးသားဆိုတာ ကျမတို့ ပြည်သူတွေ မမေ့ဖို့ လိုတယ်” - ဒေါ်ခင်ဥမ္မာ
နော်နိုရင်း
·
March 27, 2024
KHINOHMA_27032027

ထိုင်းလွှတ်တော်က အကြံပြုထားတဲ့ မြန်မာ့အရေးအကြံပြုချက် လေးချက် လက်တွေ့ အလုပ်ဖြစ်နိုင် မလား၊  ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီက မြန်မာ့အရေးဘာတွေ လုပ်နိုင်မလဲ၊ စစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့  နိုင်ငံတကာတရားရုံးတွေက အပြစ်ပေးအရေးယူနိုင်မယ့် အလားအလာ စတာတွေနဲ့ ပတ်သက်လို့ မြန်မာ့လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေး စည်းရုံးလှုပ်ရှားဆောင်ရွက်နေတဲ့ Progressive voice  (ရှေ့ပြေးအသံ) အဖွဲ့  တည်ထောင်သူ ဥက္ကဋ္ဌ  ဒေါ်ခင်ဥမ္မာ ကို DVB Planning producer  ဝါရင့်သတင်းသမား နော်နိုရင်းက တွေ့ဆုံမေးမြန်းထား ပါတယ်။

(အပြည့်အစုံ) 

မေး - အခုလက်ရှိ ထိုင်းလွှတ်တော်ကော်မတီက မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ အကြံပြုချက် လေးချက်ကို အကြံပြုထားတယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။ မြန်မာနိုင်ငံအတွက် တကယ်အလုပ်ဖြစ်နိုင်မလား ပထမဆုံး ပြောပြပေးပါလား။

ဖြေ - “ပထမဆုံးတော့ ထိုင်းလွှတ်တော် ထိုင်းအစိုးရဘက်ကနေ မြန်မာနိုင်ငံရဲ့ စိန်ခေါ်ချက် အကျပ်အတည်းကို သူတို့ ဝင်ရောက်ဖြေရှင်းဖို့ ပိုပြီးတက်တက်ကြွကြွ လုပ်လာတာ တွေ့ရတော့ တဖက်ကတော့ နယ်စပ်အရှည်ဆုံး ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံက ပြည်သူတွေကလည်း အရေးအကြောင်းဆို ထိုင်းဘက်ပဲ ပြေးကြရတာကိုး။ ဆိုတော့ ထိုးအစိုးရဘက်က၊ လွှတ်တော်ဘက်က အခုလို တက်တက်ကြွကြွ ဖြစ်လာတာ တွေ့ရတော့ တဖက်က ဝမ်းသာရမှာပေါ့။ သို့သော်လည်း လွှတ်တော်မှာ တင်လာတဲ့ မြန်မာနိုင်ငံအတွက် လေးချက် ဆိုတာက ကျမ မြင်တာက လိုအပ်ချက်တွေ အများကြီး ရှိနေတယ်။ အဓိကလိုအပ်ချက် အရှိဆုံးက ဘာဖြစ်နေလဲဆိုတော့ ကျမတို့တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ကိစ္စ၊ Crisis ပြဿနာ စိန်ခေါ်ချက် အကျပ်အတည်း၊ နောက် အကြမ်းဖက်ခံနေရမှုတွေ၊ တခြားစီးပွားရေး အပါအဝင် ဘက်ပေါင်းစုံ အကျပ်အတည်းပေါ့။ မြန်မာနိုင်ငံရဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းနဲ့ အထူးသဖြင့် စစ်အုပ်စုကနေ အကြမ်းဖက်နေတဲ့ ပြဿနာတွေကို ထိုင်းအနေနဲ့ ဝင်ရောက်ဖြေရှင်းပြီးတော့မှ သူတို့ လေးချက်မှာ ပြောသလိုပဲ၊ ငြိမ်းချမ်းရေးရဖို့အတွက် သူတို့ ကြိုးစားပေးချင်တယ်ဆိုရင် အဓိက ပထမဆုံးစလုပ်ရမှာက ဘာလဲဆိုရင် ကျမတို့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ တရားဝင် နိုင်ငံရေးကိုယ်စားပြု ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးတခုလုံးကို ဦးဆောင်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သေသေချာချာ တရားဝင် ဆွေးနွေးဖို့ လိုလိမ့်မယ်။ ဒါ ပထမဆုံး စသင့်တဲ့အချက်လို့ ကျမ မြင်တယ်။ အဲဒါ မလုပ်ရသေးဘူး။”

“နိုင်ငံတနိုင်ငံ ငြိမ်းချမ်းရေးရဖို့အတွက် ပြင်ပကနေ ဘယ်လောက်ပဲ စေတနာကောင်းနေ ကောင်းနေ၊ ပြင်ပနိုင်ငံတွေကနေ အဖြေထုတ် အစီအစဉ်လုပ်လို့တော့ မရဘူးလို့ ရိုးရိုးပဲ မြင်တယ်။ ကျမတို့ နိုင်ငံကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာကို စိမ်းတဲ့နိုင်ငံ မဟုတ်ဘူး။ ဟိုးအရင်ခေတ်တွေ ခေတ်အဆက်ဆက်မှာ စစ်အုပ်စုနဲ့၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုအသီးသီးဆိုရင် တော်လှန်ရေးကို မျိုးဆက်နဲ့ချီပြီး လုပ်ခဲ့ရတယ်။ ငြိမ်းချမ်းရေးကို အဖြေရှာခဲ့ကြတာ ဖြစ်တယ်။ အဲဒီတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခု မှန်မှန်ကန်ကန် ထိရောက်တဲ့ လုပ်ငန်းစဉ်တခု ထွက်ဖို့ဆိုရင် အဲဒီနိုင်ငံက ဦးဆောင်သူတွေ ပါရမယ်၊ ပြည်သူတွေက လက်ခံနားလည် အသိအမှတ်ပြုတာမျိုးလည်း ဖြစ်ဖို့လိုတယ်။ အခု ထိုင်းက အဲဒီအဆင့်ကို မလုပ်နေသေးတော့ ထိုင်းအစိုးရအနေနဲ့ ပထမဆုံး လုပ်သင့်တာက NUG ၊ EAOs ၊ IEC ကရင်နီ စသဖြင့် ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်သွားဖို့အတွက် လက်ရှိ တော်လှန်ရေးကို ဦးဆောင်နေတဲ့ အင်အားစုတွေ အားလုံးနဲ့ အရင်ဆုံးတိုင်ပင်ဖို့ ပထမအဆင့် လုပ်ဖို့လိုမယ်လို့ ကျမ မြင်တယ်။”

“အဲဒီပြီးရင်တော့ နောက်ပိုင်း တကယ်ကို ထိရောက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာက Stakeholders တွေ၊ တာဝန်ရှိသူတွေဘက်က ဆွေးနွေးတင်ပြမှုတွေနဲ့ သူတို့ အဖြေရှာထုတ်လို့ ရနိုင်မယ်။ အခုကတော့ ကျမမြင်တာ၊ ထိုင်းအစိုးရဘက်က သူ ဖြစ်စေချင်တဲ့အဆင့်ကို စပြီးလုပ်တဲ့အဆင့်ပဲ ရောက်သေးတယ်လို့ မြင်တယ်။ လက်တွေ့မကျသေးဘူးလို့ပဲ ပြောရမှာ။”

မေး - ဒီလေးချက်က ပြောရမယ်ဆိုရင် အထူးကော်မတီ ဖွဲ့စည်းဖို့ ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ရယ်၊ ထိုင်းကိုယ်စားလှယ်တွေနဲ့ အိန္ဒိယ၊ တရုတ်တို့ ပါဝင်တဲ့ သုံးပွင့်ဆိုင် လုပ်ပြီးမှ ဆွေးနွေးပွဲတွေ လုပ်နိုင်အောင် တိုက်တွန်းချက်တွေ လုပ်ခဲ့တယ်။ ဒီတိုက်တွန်းချက်က မူဝါဒ ငါးချက် ချမှတ်ထားတာလည်း ရှိတော့ ဒါက အာဆီယံမူဝါဒ ငါးချက်နောက်ကို ရောက်သွားလား။ ဘယ်လိုမြင်ပါသလဲ။

ဖြေ - “ကျမ မြင်တာက အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ရယ်၊ ထိုင်းဘက်က ပြောလာတဲ့ လေးချက်ရယ် အဲဒီကြားထဲမှာ တော်တော်ကြီး မရှင်းဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူး ဖြစ်နေတယ်။ ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း အာဆီယံအထူးကိုယ်စားလှယ်ရုံးကိုလည်း အကြောင်းကြားပြီးတော့မှ ကျမတို့ကို နားလည်အောင် အချက်အလက်ပေးဖို့၊ ရှင်းပြဖို့ စာပို့တင်ပြမှုတွေ လုပ်ဖို့ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ပြောနေတဲ့ကြားထဲမှာက ကျမတို့ နားလည်ဖို့ တော်တော်ကြီး ခက်နေတယ်။ ပြည်သူကို ချပြတယ်၊ Public ကို ချပြတဲ့ Information က ဘာမှမရှိဘူး။ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကိုလည်း အာဆီယံက ပြောနေတာ ဒါက မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး Planတဲ့။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်တဲ့။ အဲဒီလို ပြောတယ်။ အခု ထိုင်းက ထပ်တင်လာတဲ့  Troika Plus Plus သူတို့ခေါ်တာကတော့။  Troika ဆိုတဲ့ အဓိပ္ပာယ်က မနှစ်ကတုန်းက အာဆီယံ ဥက္ကဋ္ဌရယ်၊ ဒီနှစ် ၂၀၂၄ ဥက္ကဋ္ဌရယ်၊ နောက်နှစ် ဥက္ကဋ္ဌရယ် ဆိုတော့၊ အင်ဒိုနီးရှား လာအို၊ မလေးရှား ဒီသုံးနိုင်ငံ။ Plus Plus ဆိုတာက သူတို့ပြောချင်တာ တရုတ်နဲ့ အိန္ဒိယပေါ့။ ထိုင်းကနေ တင်လာတဲ့ လေးချက်က အာဆီယံက ပြောထားပြီးသား ငါးချက်နဲ့ ကြားထဲမှာ ဘယ်သူက ဘယ်လိုညှိပြီး ဘယ်လောက်အထိလဲ ဆိုတာကို ကျမတို့က ဘာမှ မသိနေရဘူး။ ဒါကြောင့် ကျမ မြင်တာက သူတို့ရဲ့ ချဉ်းကပ်မှုက ပိုအန္တရာယ်ကြီးတယ်။ အဲဒီတော့ ပထမဆုံး အာဆီယံရဲ့ ငါးချက်နဲ့  ထိုင်းရဲ့ လေးချက် ကြားထဲမှာတောင်မှ တမျိုးစီ ထွက်နေတယ်။ ဒါပေမဲ့ ပိုဆိုးတာက မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်တွေက တခါမှ ဒါကို ဆွေးနွေးတင်ပြတာ၊ သဘောတူညီမှု နားလည်မှုနဲ့ သဘောတူညီမှုတွေ ရယူထားတာ တခုမှ မရှိဘူး။ ပိုပြီးစိတ်ပူစရာကောင်းတယ်။ ဒီအခြေအနေက သူတို့ အာဆီယံနဲ့ ထိုင်းနဲ့ကြားထဲမှာ အမြန်ဆုံး ဖြေရှင်းရမယ့်ကိစ္စလို့ ကျမ မြင်တယ်။”

မေး - နောက်တခုက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုက တာဝန်ယူနေတဲ့အချိန်မှာ စစ်ကောင်စီနဲ့ အာဆီယံ ကြားမှာ ဆက်ဆံရေးတွေ တိုးလာတယ်လို့ သူတို့ဘက်က ပြောတာပေါ့။ အစ်မတို့ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အာဆီယံဘက်ကိုရော ဘာတွေ တိုက်တွန်းပြောချင်တာမျိုး ရှိလဲ။

ဖြေ - “အာဆီယံကို ကျမတို့ ပြောနေတာကလေ၊  Troika ဆိုတာလည်း သူတို့ပဲ ဆုံးဖြတ်တာ။ မနှစ်ကတုန်းက အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေး စက်တင်ဘာ ၅ ရက်မှာ လုပ်တဲ့ ဆုံးဖြတ်ချက်အရ ဆိုရင်လည်း သူတို့က ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှုကို စေ့စေ့စပ်စပ် ပြန်ပြီးသုံးသပ်မယ်လို့ သူတို့ပဲ ဆုံးဖြတ်တာ။ ဒါပေမဲ့ ကျမတို့ အခုထိ အဲဒါကို ဘာမှ မတွေ့ရသေးဘူး။ ကျမတို့ ပြောတာက အာဆီယံ ဘုံသဘောတူညီချက် ငါးချက်သည် စကတည်းက မှားတယ်။ ဘာလို့လဲဆိုတော့ အကြမ်းဖက်စစ်အုပ်စု မင်းအောင်လှိုင်ကို ခေါ်ပြီးတော့ပဲ ဆုံးဖြတ်ထားတာ။ မြန်မာပြည်သူတွေဘက်က ကိုယ်စားလှယ်တွေ တယောက်မှ မပါဘူး။ သုံးနှစ်လည်း ရှိသွားပြီ။ ဘာတခုမှလည်း အောင်အောင်မြင်မြင် အကောင်အထည်မဖော်နိုင်တော့ ဒီ ဘုံသဘောတူညီချက် ငါးချက်က ကျရှုံးသွားတာ။ မြန်မာနိုင်ငံရဲ့ ပကတိအနေအထားနဲ့ ကိုက်ညီမှု မရှိဘူး။ အဲဒီတော့ ဒီငါးချက်ကို သူတို့ပြန်သုံးသပ်ဖို့ သူတို့ကို ကျမတို့ ပြောတယ်။ ကျမတို့ အဆိုပြုချက်က ဖြစ်နိုင်ရင် အဲဒီငါးချက်ကို ကျော်ပြီး စဉ်းစားစေချင်တယ်။ ဘာကြောင့် ဒီလိုပြောလဲဆိုတော့ သူတို့ကို လက်တွေ့ကျစေချင်လို့။”

“မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို အာဆီယံက ထိပ်ကနေ ဦးဆောင်ဖြေရှင်းတဲ့အထဲမှာ ပါရမယ်ဆိုတာ ကျမတို့က ငြင်းချက်မရှိဘူး။ သို့သော် ချဉ်းကပ်ပုံ မှန်ရမယ်။ မူဝါဒ မှန်ရမယ်။ နိုင်ငံရေးဆန္ဒ မှန်ရမယ်။ လုပ်ပုံကိုင်ပုံ မှန်ရမယ်။ ကျမတို့ အဲဒါတွေ တခုမှ မတွေ့ရဘူး။ ဒါကြောင့် ကျမတို့ အခု အာဆီယံကို ပြောနေတာက သူတို့ ပထမဆုံး လုပ်သင့်တဲ့ အလုပ်က ငါးချက်ကို ပြန်သုံးသပ်။ သုံးသပ်တဲ့နေရာမှာ NUG ၊ EROs တွေ အပါအဝင် ကျန်တဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ကိုယ်စားလှယ်တွေ ပါရမယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ ပါရမယ်။ အတူတူ ပြန်လည်သုံးသပ်ပြီးတော့မှ ဘာဆက်လုပ်မယ် ဆိုတဲ့ အဖြေထုတ်တာကပဲ လက်တွေ့ကျလိမ့်မယ်။ မဟုတ်ရင်တော့ သူတို့ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ နောက်ဆုံး လူသားချင်းစာနာမှုအကူအညီကအစ တကယ် မြန်မာနိုင်ငံက ပါဝင်သင့်တဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိ၊ မြေပြင်မှာ တကယ်ဒုက္ခရောက်နေတဲ့ လူထုတွေဆီကို လူသားချင်းစာနာမှု အကူအညီတွေကို တကယ်ရောက်အောင် ပို့ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ မရှိဘဲနဲ့ အခုလိုပဲ စစ်အုပ်စုနဲ့ အတူတူပေါင်းလုပ်ပြီး စစ်အုပ်စု လက်အောက်ခံ စစ်အုပ်စုရဲ့ လုံခြုံရေးယန္တရားမှာ ပါဝင်ပြီး ပြည်သူကို ဖိနှိပ်ပေးနေရတဲ့ ယန္တရားဖြစ်တဲ့ မြန်မာနိုင်ငံ ကြက်ခြေနီလိုမျိုး အဖွဲ့အစည်းမျိုးနဲ့ သွားလုပ်မယ်ဆိုရင် သေချာတာက မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအကူအညီ ပြဿနာကိုလည်း မဖြေရှင်းနိုင်ဘူး။ နိုင်ငံရေးပြဿနာကိုလည်း မဖြေရှင်းနိုင်ဘူး။ အဲဒီတော့ သူတို့ ပထမဆုံးလုပ်ရမှာက နွေဦးတော်လှန်ရေးက နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းတွေနဲ့ တရားဝင် နိုင်ငံရေး ဆွေးနွေးမှုတွေကို အာဆီယံရော၊ ထိုင်းရောက အတူတူ တရားဝင်စလုပ်သင့်တယ်လို့ မြင်တယ်။”

မေး - ထိုင်းဝန်ကြီးချုပ်က တိုင်းမ်မဂ္ဂဇင်းမှာ အင်တာဗျူးလုပ်တဲ့အခါ သူက မြန်မာ့အရေးကို ထိုင်းနိုင်ငံကနေ ဦးဆောင်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောသွားတယ်။ တချို့လူတွေက အဲဒါအပေါ်ကို အရမ်းစိုးရိမ်တယ်။ ထိုင်းက ဦးဆောင်မယ့် ဆွေးနွေးပွဲမျိုးနဲ့ပတ်သက်ပြီး အစ်မအနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ - “ကျမကတော့ ထိုင်းနိုင်ငံ တနိုင်ငံတည်းက ဦးဆောင်တာ မဖြစ်စေချင်ဘူး။ လုပ်ရင်လည်း သူတို့ အဖြေထွက်မှာမဟုတ်ဘူး။ အဲဒါ ကျမ သေချာပေါက် ပြောရဲတယ်။ ဘာလို့လဲဆိုတော့ ကျမတို့နိုင်ငံက တောက်လျှောက် ဒီကိစ္စတွေကို မျိုးဆက်နဲ့ချီပြီး အတွေ့အကြုံရှိလာပြီးသွားပြီ။ အာဆီယံသော်လည်းကောင်း၊ ထိုင်းသော်လည်းကောင်း၊ ထိုင်း တနိုင်ငံတည်း မပြောနဲ့၊ အာဆီယံ ဒေသဆိုင်ရာ အဖွဲ့အစည်းကြီး တခုလုံးအနေနဲ့တောင်မှ မြန်မာနိုင်ငံရဲ့ ဒီလို ရေချိန်အရမ်းမြင့်နေတဲ့ လူကလုပ်တဲ့ အကြမ်းဖက်မှုပြဿနာကြီးကို ဖြေရှင်းဖို့အတွက် သူတို့မှာ ယန္တရားလည်း မရှိဘူး။ စွမ်းအားလည်း မရှိဘူး။ အဲဒီတော့ ထိုင်း တနိုင်ငံတည်းက ဦးဆောင်လုပ်မယ်ဆိုတဲ့ ကိစ္စကို အာဆီယံ အပါအဝင်က ထိုင်းကို ပေးလုပ်တယ်ဆိုရင်လည်း အဲဒါ လက်တွေ့မကျဘူး။ ကျမတို့နိုင်ငံက ပြည်သူတွေ ပိုပြီးအန္တရာယ်ကြီးပြီး ဒုက္ခပိုရောက်စေလိမ့်မယ်။ တကယ်တမ်းတော့ ထိုင်းက မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အရေးအကြီးဆုံး အိမ်နီးချင်းနိုင်ငံတွေထဲမှာ သူ ထိပ်ဆုံးက ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်သူတွေကလည်း သူ့ဆီပဲ ပြေးကြတာ။ ထိုင်းအစိုးရအနေနဲ့ သူတို့ တကယ် ဖြေရှင်းပေးချင်တယ်ဆိုရင် တစ်က သူတို့နိုင်ငံဘက်ကို ပြေးလာတဲ့ ကျမတို့ပြည်သူတွေကို အနည်းဆုံးတော့ ဥပဒေကြောင်းအရ ယာယီလုံခြုံမှု ပေးရမယ်။ အခုက တရားမဝင် ဝင်လာတဲ့သူတွေဆိုပြီး ဖမ်းပြီး ရဲစခန်းပို့လိုက်၊ IDC ထဲ ပို့လိုက်၊ ပြန်ပို့လိုက် လုပ်တဲ့ကိစ္စတွေ ရပ်ဖို့လိုတယ်။ အနည်းဆုံး ခဏတာ တရားဝင် လုံခြုံမှုလေး ပေးဖို့ လိုတယ်။ ပြီးရင် အထူးသဖြင့် ကျမတို့နိုင်ငံက လူငယ်တွေ။ အခုဆိုရင် စစ်အုပ်စုက စစ်ထဲသွင်းဖို့ လုပ်တယ်။ ကိုယ့်ပြည်သူအချင်းချင်း ဘယ်သူ ပြန်တိုက်မလဲ။ ဒီလူငယ်တွေဟာ တခြား ပြေးစရာမရှိရင် အများစုက ထိုင်းဘက်ကို ထွက်ပြေးကြရမယ်။ အခုလက်တွေ့ ထွက်ပြေးလာနေကြပြီ။ တကယ်တမ်း ထိုင်းက ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် စေတနာမှန်မှန်နဲ့ လုပ်မယ်ဆိုရင် သူတို့လုပ်သင့်တာက ဒီလူငယ်တွေကို သူတို့ မဖမ်းသင့်ဘူး။ သေချာတာပေါ့။ သူ့နိုင်ငံထဲ ရောက်လာရင်တော့ တနေရာတည်း သူ စုထားပေးရတော့မယ်။ အဲဒီလိုမျိုး စုတဲ့နေရာမှာ ဥပဒေနဲ့အညီ နိုင်ငံတကာဥပဒေရ တာဝန်ရှိမှုနဲ့အညီ သူတို့ကို ဟိုဘက်ပြန်မပို့နဲ့၊ ဒီဘက်မှာ ဥပဒေကြောင်းအရ အကာအကွယ်နဲ့ ခဏခေါ်ထားပေး။ တဖက်မှာက နိုင်ငံရေး အဖြေထုတ်နိုင်ဖို့ကို NUG ၊ EROs တွေ အပါအဝင် အကုန်လုံးနဲ့ သေသေချာချာ တွေ့ဆုံဆွေးနွေးပြီး ဘာလုပ်ကြမလဲဆိုတာမျိုးကို မြန်မာနိုင်ငံရဲ့ကိုယ်စားပြု၊ တာဝန်ရှိသူတွေနဲ့ အရင်ဆုံး ဆွေးနွေး။ ကျမကတော့ အဲဒီလိုမျိုး မြင်တယ်။” 

“အဲဒါမှပဲ သူတို့ အဖြေမှန် ရမယ်။ မဟုတ်ရင် သူတို့ ထိုင်းကို အာဆီယံသော်လည်းကောင်း၊ ကုလသမဂ္ဂကသော်လည်းကောင်း ထိုင်းကပဲ ဦးဆောင်ပြီး လုပ်လိုက်ပါဆိုပြီး လုပ်ခိုင်းလိုက်တယ်ဆိုရင် ကျမတို့နိုင်ငံ ပြည်သူတွေအတွက် လူသားလုံခြုံမှုအန္တရာယ်တွေ ပိုကြီးတဲ့အပြင် ထိုင်းနိုင်ငံလည်း မနိုင်မနင်းဖြစ်ပြီး နောက်ဆုံး သူ့ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာနဲ့ သူ့ရဲ့တိုင်းပြည်အတွက်ပါ ပြန်ပြီးဆိုးကျိုး ဖြစ်စေလိမ့်မယ်လို့ ကျမ မြင်တယ်။ ထိုင်း တနိုင်ငံတည်း လုပ်တဲ့ကိစ္စကတော့ မဖြစ်သင့်ဘူး။”

မေး - အခု ထိုင်းက လူသားချင်းစာနာမှု အကူအညီပေးတဲ့ဇုန် ဖွင့်မယ်လို့ ပြောတယ်။ အဲဒီအစီအစဉ်က လက်ရှိ မြေပြင်မှာ တကယ်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကလည်း သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ပြောဆိုနေကြတယ်။ သူတို့ အကောင်အထည်ဖော်မှာက လက်တွေ့ ဘယ်လို ဖြစ်လာနိုင်လဲ။

ဖြေ - “အခုက စစ်ဘေးရှောင်ပြည်သူတွေက တိုင်းရင်းသား ဒေသခံအုပ်ချုပ်ရေးနယ်မြေတွေ၊ ထိန်းချုပ်နယ်မြေတွေမှာပဲ အများစုက ရှိတယ်။ ၂ ဒသမ ၇ သန်းသော စစ်ဘေးရှောင် ပြည်သူတွေက စစ်ကိုင်း၊ မကွေး၊ ချင်း အပါအဝင်ပေါ့။ ဒီပြည်သူတွေအားလုံးသည် တိုင်းရင်းသားဒေသ အသီးသီး နယ်မြေစိုးမိုးရေး အုပ်ချုပ်ရေးကို လုပ်ဆောင်နေတဲ့ တိုင်းရင်းသား ဒေသခံအစိုးရတွေရဲ့ နယ်မြေတွေမှာပဲ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ထိုင်းဘက်ကနေ လူသားချင်းစာနာမှု အကူအညီတွေကို ဒုက္ခအရောက်ဆုံး ပြည်သူတွေဆီကို မှန်မှန်ကန်ကန် အမြန်ဆုံးရောက်ရေးအတွက် ထိုင်းအစိုးရ ပူးပေါင်းလုပ်ဆောင်ရမှာက KNU၊ IEC ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ၊ KNPP ၊ မွန်ပြည်သစ် စသဖြင့်ပေါ့။ တော်လှန်ရေးနယ်မြေက တိုင်းရင်းသားအင်အားစုတွေပဲ ဖြစ်တယ်။ အဲဒါကို သူတို့ အမြန်ဆုံး လမ်းကြောင်းပြောင်းပြီး လုပ်ဖို့လိုတယ်။ အဲဒါဆိုရင် သူတို့ရဲ့ ချဉ်းကပ်မှုလည်း အောင်မြင်မယ်။ မြန်မာပြည်သူတွေအတွက်လည်း အကျိုးရှိမယ်၊ ထိုင်းအတွက်လည်း အကျိုးရှိတယ်။ ထိုင်းက သူတို့ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ဒီနည်းနဲ့ မြှင့်ချင်တယ်လို့ သူတို့ရဲ့သတင်းထဲမှာလည်း ဒီအတိုင်းပဲ ပြောထားတာ တွေ့ရတယ်။ ဒါကိုသာ အောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင် ကမ္ဘာက ထိုင်းနိုင်ငံကို နိုင်ငံရေးအရ အသိအမှတ်ပြုမှာပဲလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီလိုပြောတာကို ကျမတို့ သတင်းထဲမှာ ဖတ်ရတယ်။” 

“ဒါဆိုရင် ထိုင်းအတွက်လည်း အကျိုးရှိ၊ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ အသက်ကိုလည်း ကယ်နိုင်တဲ့နည်းသည် ထိုင်းအစိုးရနဲ့ ကြက်ခြေနီနဲ့၊ မြန်မာနိုင်ငံဘက်က တိုင်းရင်းသားဒေသတွေမှာ ဦးဆောင်နေကြတဲ့ IEC ကရင်နီ၊ ကေအန်ယူ စသဖြင့် အင်အားစုတွေနဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်တာ လက်တွေ့အကျဆုံး အထိရောက်ဆုံး၊ အမှန်ကန်ဆုံး ဖြစ်လိမ့်မယ်။ လူသားချင်းစာနာမှုအကူအညီ ပေးတယ်ဆိုတာက ကျင့်ဝတ်ပိုင်းဆိုင်ရာ မှန်ကန်ရမယ်။ ကျမလည်း တတ်နိုင်သမျှ ပြောနိုင်တာက ထိုင်းအစိုးရရဲ့ စေတနာကို မှန်မှန်ကန်ကန်နဲ့ မြင်နိုင်မှာက ထိုင်းအစိုးရကိုယ်၌က လူသားချင်းစာနာမှုအကူအညီကို ကျင့်ဝတ် ဂုဏ်သိက္ခာနဲ့အညီ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို ပို့ပေးနိုင်တဲ့ တနည်းပဲ ရှိတယ်။ ကျင့်ဝတ် ဂုဏ်သိက္ခာနဲ့အညီဆိုတာ ဘာကိုပြောတာလဲဆိုရင် ဒီ လူသားချင်းစာနာမှု ပြဿနာကိုဖြစ်အောင် ဖန်တီးတဲ့သူတွေ၊ အထူးသဖြင့် ဒီလူတွေ ဒုက္ခရောက်၊ အသက်လုပြီး ထွက်ပြေးရအောင် လုပ်တဲ့သူ  လက်ထဲကို အဲဒီလူတွေအတွက် ဆီ၊ ဆန်၊ ဆေး သွားထည့်မယ်ဆိုရင် အဲဒါက ကျင့်ဝတ်နဲ့ မညီတော့ဘူး။ ဒါကို ကျမတို့ ထိုင်းအစိုးရဘက်ကို တတ်နိုင်သမျှ ကြိုးစားပြီး တင်ပြ တောင်းဆိုနေတာ ရှိပါတယ်။”

မေး - စစ်အစိုးရက စစ်မှုထမ်းဥပဒေကို ကျင့်သုံးလိုက်တဲ့နောက်မှာ လူငယ်တွေ တော်တော်များများ အရမ်းကြောက်ပြီးတော့ ကစဉ့်ကလျား ထွက်ပြေးနေရတာတွေလည်း ရှိတယ်။ တချို့လည်း စိုးရိမ်ပူပန်နေတာတွေလည်း ရှိတယ်။ မြန်မာနိုင်ငံက လူငယ်တွေကို နိုင်ငံတကာက ဝိုင်းဝန်းကူညီဖို့  တောင်းဆို ပြောဆိုနေတာတွေလည်း ရှိတယ်။ အစ်မတို့အနေနဲ့ကော ဘယ်လိုမျိုး အကြံပြုချင်လဲ။

ဖြေ - “အခုကတော့ နိုင်ငံတကာ အဝန်းအဝိုင်း တခုလုံးကို အကူအညီတောင်းရတာပေါ့။ တချို့ဆိုလည်း အပြင်မှာ ရောက်နေပြီးသား ရှိတယ်။ တချို့ဆိုလည်း ပတ်စ်ပို့ အနေအထား အခက်အခဲတွေ ရှိတယ်၊ ပတ်စ်ပို့သက်တမ်းတိုးဖို့၊ ဗီဇာသက်တမ်းတိုးဖို့၊ မြန်မာပြည်ထဲက ဗီဇာရအောင်ယူပြီး ထွက်လာဖို့ ပတ်စ်ပို့ရအောင် ကြိုးစားနေတာ။ မရလည်း နယ်စပ်ကနေ ကျော်ပြီးဝင်ဖို့ ဆိုတော့။ နည်းပေါင်းစုံနဲ့ ထွက်ဖို့ရှိနေတဲ့ ဒီလူငယ်တွေဟာ ကျမတို့နိုင်ငံရဲ့ လူသားရင်းမြစ်တွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို စိုးရိမ်သော၊ စိတ်ပူသော၊ ဖြေရှင်းပေးချင်သော၊ ဆန္ဒရှိနေသော နိုင်ငံအသီးသီးက ထိုင်းနဲ့ အာဆီယံတင်မကဘဲ ကျော်ပြီးတော့ ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျ တို့အပါအဝင် ဒီနိုင်ငံတွေက ကျမတို့နိုင်ငံရဲ့ အနာဂတ်ကို ပြန်ပြီးတည်ဆောက်ဖို့ လူသားရင်းမြစ်ဖြစ်တဲ့ ဒီလူငယ်တွေကို တတ်နိုင်သမျှ သူတို့ဘက်က အကူအညီပေးဖို့၊ အထူးသဖြင့် ခဏတာ ခိုလှုံခွင့် ဥပဒေကြောင်းအရ ပေးဖို့။ အဓိကက ပညာရေးအခွင့်အလမ်းတွေကို နည်းပေါင်းစုံနဲ့ ပေးဖို့။ ပညာရေးအခွင့်အလမ်း ဆိုတာက တက္ကသိုလ်တက်ခွင့်ရမှ မဟုတ်ဘူး။ တက္ကသိုလ်ကနေ ပြောင်းရွှေ့ဖို့စာရွက်စာတမ်း မပါလာရင် တချို့နေရာတွေမှာ အခက်အခဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပညာရေးကို နည်းပေါင်းစုံနဲ့ ယူလို့ရတဲ့ အခွင့်အရေးတွေ ရှိတယ်။ ဟိုအရင်ခေတ်တွေတုန်းကတည်းက ထိုင်းနိုင်ငံ နယ်စပ်မှာ ရှိခဲ့တဲ့၊ အခုအချိန်ထိလည်း ရှိနေပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ တချို့တွေဆိုရင် ဩစတြေးလျကနေ အွန်လိုင်းဒီပလိုမာတွေ ယူတယ်။ ဒုက္ခသည်စခန်းက ကလေးတွေကို ပြန်ပြီး စာသင်ပေးတယ်။ ကိုယ်လည်း ပညာဆက်ယူခွင့်ရတယ်။ တခြားကလေးတွေကိုလည်း ပညာသင့်ပေးခွင့်ရတယ်။ ဆိုတော့ ကျမတို့ရဲ့ လူသားရင်းမြစ်ကို မဆုံးရှုံးသွားရဖို့ကို အများကြီး အရေးကြီးနေတဲ့အချိန်လည်း ဖြစ်တယ်။ အခုဆိုရင် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုက တနိုင်ငံလုံးမှာ ပြန်တည်ဆောက်ရမှာတွေက အများကြီး ဖြစ်သွားပြီ။ ကျမတို့နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီကို ဘယ်လိုပုံစံနဲ့ပဲ သဘောတူပြီး သွားကြသွားကြ၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုခံလိုက်ရတဲ့ ပျက်စီးသွားတာတွေကို ကျမတို့ အသစ်တည်ဆောက်ဖို့ အများကြီး လုပ်ရမှာ။ ဒီလူသားရင်းမြစ်တွေကို မဆုံးရှုံးဖို့ အရေးကြီးတယ်။ 

ကျမတို့ ကြိုးစားပြီးတော့ နိုင်ငံတကာအဝန်းအဝိုင်းကို လူငယ်တွေကို ဥပဒေကြောင်းအရ ယာယီခိုလှုံခွင့်၊ ပညာဆက်လက်သင်ယူခွင့်ကို ပုံသဏ္ဌာန်မျိုးစုံနဲ့ ဖန်တီး ကူညီပေးဖို့အတွက် ကျမတို့ အကူအညီတောင်းတာတွေ ရှိပါတယ်။”

မေး - ပြီးခဲ့တဲ့အပတ်က အစ်မတို့ ဂျီနီဗာမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သွားဆွေးနွေး ပြောဆိုတာတွေ သိရတယ်။ အဲဒီမှာ ဘာတွေ ဆွေးနွေး တင်ပြခဲ့လဲ၊ နိုင်ငံတကာအသိုင်းအဝန်းကို ဘာတွေ တောင်းဆိုခဲ့လဲ ပြောပြပါဦး။

ဖြေ -  “ကျမ အခုပြန်လာတာက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးပေါ့။ အဲဒီမှာက နှစ်တိုင်းနှစ်တိုင်း လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံအတွက် သူတို့ တာဝန်ပေးထားတဲ့ အထူးကိုယ်စားလှယ်ဆီက တနှစ်တာ အစီရင်ခံစာကို နားထောင်တယ်။ ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေက တင်ပြတာတွေ နားထောင်တယ်။ ပြီးရင် သူတို့ ဆုံးဖြတ်ချက်ချတယ်။ ဆုံးဖြတ်ချက်ချတာက နောက်နှစ်ပတ်နေရင် အဲဒီဆုံးဖြတ်ချက်က ထွက်လာလိမ့်မယ်။ ကျမတို့ အဓိကတင်ပြချက်က မြန်မာနိုင်ငံမှာ စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်နေတဲ့ကိစ္စက နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ။ အဲဒီတော့ ဘယ်နိုင်ငံမှာမှ ပြည်တွင်းစစ်မှာ ကိုယ့်ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးမကြဲဘူး။ သူတို့ရဲ့ လေယာဉ်နဲ့ ဗုံးကြဲနေတဲ့ကိစ္စ ရပ်တန်းက ရပ်ဖို့က ဘာလိုနေလဲဆိုတော့ တခြားနိုင်ငံတွေက စစ်အုပ်စုကို လက်နက်ရောင်းဝယ် ဖောက်ကားတာ၊ လက်နက်တွေ ပို့ပေးတာ၊ နည်းပညာပိုင်းဆိုင်ရာအရ ရောင်းဝယ်တာတွေ၊ ပေးတာအပြင် အဓိကက လေယာဉ်ဆီတွေ။ လေယာဉ်ဆီ ဖြတ်တောက်ရေးကိစ္စကို ဒီဆုံးဖြတ်ချက်မှာ မဖြစ်မနေ ရရှိဖို့ ကျမတို့ တိုက်တွန်းနှိုးဆော်တယ်။”

“အခုက လေယာဉ်ဆီဖြတ်တောက်ရေးကို ရနိုင်ခြေတော့ ရှိတယ်။ နောက်နှစ်ပတ်လောက် ကျမတို့ စောင့်ကြည့်ရဦးမယ်။ နောက်တခုက Accountability မှာက အဓိကက ကျမတို့ရဲ့ တောင်းဆိုချက်၊ တိုက်တွန်းနှိုးဆော်ချက်က ဘာလဲဆိုရင် မြန်မာနိုင်ငံရဲ့ တရားမဝင် စစ်ခေါင်းဆောင်တွေက သူတို့ရဲ့ ကျူးလွန်မှုတွေက နိုင်ငံတကာရာဇဝတ်မှုတွေမှာ အမြင့်ဆုံးအထိ ကျူးလွန်ထားတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ တရားစီရင်ရေးစနစ်၊ တရားရေးမဏ္ဍိုင်၊ ဥပဒေတွေက ဒီလို နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို စီရင်နိုင်တဲ့ အနေအထား လုံးဝမရှိဘူး။ အဲဒီတော့ ကျမတို့က နိုင်ငံတကာရဲ့ ဥပဒေနဲ့ပဲ စီရင်မှုဖြစ်ဖို့။ အဲဒီအတွက်ကြောင့် အခုဆို သူတို့ ကျူးလွန်သူတွေကို နိုင်ငံတကာခုံရုံးတခုဖွဲ့ပြီး အပြစ်ပေး အရေးယူဖို့ ကျမတို့ တောင်းဆိုထားတယ်။”

“အဲဒီအတွက်ကိုလည်း လူ့အခွင့်အရေးမဟာမင်းကြီးက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တရားမျှတမှုကို အဖြေထုတ်ဖို့ကို လူ့အခွင့်အရေးကောင်စီက သူ့ကို တာဝန်ပေးဖို့ရှိလိမ့်မယ်လို့ ကျမတို့ သုံးသပ်လို့ရတယ်။ နောက်လာမယ့် နှစ်ပတ် ဆုံးဖြတ်ချက်မှာ ပါလိမ့်မယ်လို့ ကျမတို့ ထင်တယ်။ ဒါကတော့ လာမယ့်အနာဂတ်အတွက်ကိုပါ ဘယ်တော့မှ ဒီလိုအကြမ်းဖက်မှုတွေကို ကျမတို့ ပြည်သူတွေ တကျော့ပြန် ပြန်မခံစားစေရေးအတွက် ဥပဒေကြောင်းအရ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဒီစစ်အုပ်စု ခေါင်းဆောင်တွေကို ကျမတို့ ဥပဒေကြောင်းအရ အပြစ်ပေး အရေးယူမှု လုပ်ဖို့ပေါ့။ အဲဒါက အဓိကနှစ်ချက်။ တတိယအချက်က လူသားချင်းစာနာမှုအကူအညီ ကိစ္စကို နယ်စပ်ဖြတ်ေကျာ်ပြီးတော့ မြေပြင်ပေါ်မှာ တကယ်လုပ်နေတဲ့ လူထုအဖွဲ့အစည်းတွေကို စစ်အုပ်စုကို မဖြတ်ဘဲနဲ့ တိုက်ရိုက်ပေးဖို့ အဲဒါက ကျမတို့ရဲ့ အဓိကတောင်းဆိုချက်ထဲမှာ ပါတယ်။”

“နောက်ဆုံးတချက်က အာဆီယံ အပါအဝင် ကုလသမဂ္ဂ အပါအဝင်၊ ငြိမ်းချမ်းရေးအလှူရှင်တွေပေါ့။ မြန်မာနိုင်ငံရဲ့ ကျန်ခဲ့တဲ့ ဆယ်နှစ်က ပင်လုံညီလာခံ ဆိုပြီး ငြိမ်းချမ်းရေးလုပ်ခဲ့ကြတုန်းက ငွေရေးကြေးရေးအရ၊ နည်းပညာပိုင်းအရ ပံ့ပိုးခဲ့တယ်ဆိုတဲ့၊ ငြိမ်းချမ်းရေးကို ထောက်ခံခဲ့ပါတယ်ဆိုတဲ့ Peace Donor နိုင်ငံတွေ။ ဥပမာ ဆွစ်ဇာလန်၊ ဖင်လန်၊ နော်ဝေ နိုင်ငံတွေ။ ဒီနိုင်ငံတွေကိုလည်း ကျမတို့ အဓိကတောင်းဆိုတာက မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ အရင်ဆွေးနွေးပါ။ သူတို့ရဲ့ ဆွေးနွေးချက်၊ သူတို့ရဲ့ ထောက်ခံမှုတွေ မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒပေးမှု မပါဘဲနဲ့ ဘယ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ အောင်မြင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့ လက်မခံဘူးဆိုတာ အဓိကတင်ပြခဲ့တယ်။”

မေး - နောက်တခုက အဲဒီအစည်းအဝေးမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကလည်း ပြောသွားတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာကလည်း အပြောနဲ့တင် မပြောဘဲ လက်တွေ့အကောင်အထည်ဖော်ဖို့ တိုက်တွန်းသွားတယ်။ သူ ပြောလိုက်တဲ့ တိုက်တွန်းချက်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာ တုံ့ပြန်ချက်က ဘယ်လိုရှိလဲ။

ဖြေ - “တုံ့ပြန်ချက်ကတော့ အမျိုးမျိုးရှိကြတယ်။ နိုင်ငံတကာအဝန်းအဝိုင်းက လူငယ်တွေ ပြောနေတဲ့ ‘ငါတို့မှာ ငါတို့ပဲ ရှိတယ်’ ဆိုတဲ့ စကားလုံးနဲ့ပဲ ကျမတို့ ပြည်သူတွေကို ပြန်အားပေးရမလို ဖြစ်နေတယ်။ နိုင်ငံတကာအဝန်းအဝိုင်း ဆိုတဲ့ တခြားနိုင်ငံတွေက အစစအရာရာ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ပဲ တွက်ပြီး တုံ့ပြန်ကြတာ။ သူတို့နိုင်ငံရဲ့ နိုင်ငံရေးအကျိုးစီးပွား၊ စီးပွားရေး အကျိုးစီးပွား စသဖြင့်ပေါ့။ အဲဒီတော့ ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကတော့ အကြံပြုတယ်။ သူ နှစ်တိုင်းလည်း အကြံပြုတယ်။ သူ့အကြံပြုချက်တွေကလည်း တကယ်ထိရောက် လက်တွေ့ကျပြီး ကျမတို့တိုင်းပြည်ရဲ့ ပြဿနာတွေကို အမြစ်ကိုဖြတ်နိုင်မှာမျိုးတွေပေါ့။ ဒါပေမဲ့ နိုင်ငံတကာ အဝန်းအဝိုင်းက တူညီတဲ့ ဘုံသဘောထားနဲ့ လက်တွေ့အကောင်အထည်ဖော်မှုတွေ နောက်ဆက်တွဲ ပါတာ အင်မတန် များလွန်းတယ်။ မလုပ်နေတာတော့ မဟုတ်ဘူး။ တနိုင်ငံချင်းစီက စီးပွားရေး ပစ်မှတ်ထားပြီး ပိတ်ဆို့မှုတွေ။ ဥပမာ အမေရိကန် ဆိုရင် ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့မှုတွေ အကြိမ်ပေါင်း ၂၂ ကြိမ် ရှိသွားပြီ။ ဒါပေမဲ့ မလုံလောက်နေဘူး။ ဘာကြောင့်လဲဆိုရင် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်လိုမျိုး တကမ္ဘာလုံးက လိုက်နာရမယ့် ထိရောက်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ တနိုင်ငံချင်းကနေ လုပ်တာမျိုးဖြစ်တာကိုး။ လုံခြုံရေးကောင်စီကနေပြီး ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်း အခန်း ၇ အောက်မှာ လုံခြုံရေးကောင်စီကသာ ဆုံးဖြတ်ချက်ချရင် သူက Binding Resolution လို့ ခေါ်တယ်။ ရှင်းရှင်းပြောရရင် တကမ္ဘာလုံးက လိုက်နာရတယ်ပေါ့။ ဥပမာ တရုတ်က မြန်မာစစ်အုပ်ကို လက်နက်တွေ ရောင်းနေတယ်ဆိုရင် တကယ်လို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချလိုက်ရင် တရုတ်က အဲဒါတွေ လုပ်လို့မရတော့ဘူး။ စင်ကာပူက သူ့နိုင်ငံကိုဖြတ်ပြီး တေဇကနေပြီး လက်နက်တွေ သူ့အတွက် ရောင်းဝယ်ဖောက်ကားနေတာတွေ လုပ်လို့မရတော့ဘူး။ ဒါပေမဲ့ ကျမတို့က ကံဆိုးစွာပဲ ဒီလုံခြုံရေးကောင်စီမှာကလည်း စစ်အုပ်စုကို လက်နက်ရောင်းနေတဲ့ တရုတ်၊ ရုရှားတို့ ရှိနေတဲ့အပြင် သူတို့မှာ ဗီတိုအာဏာ ဆိုတဲ့ သူတို့ သဘောမတူရင် ပယ်ချလို့ရတဲ့ ဆုံးဖြတ်ခွင့်က သွားရှိနေတယ်။ 

အဲဒီတော့ ကျမတို့က လုံခြုံရေးကောင်စီကိုလည်း အများကြီး အားကိုးလို့မရဘူး ဖြစ်နေတယ်။ သို့သော် တနိုင်ငံချင်းစီက လုပ်နိုင်တာတွေ လုပ်နေတော့ ဥပမာဆိုရင် US ၊ UK ၊ ကနေဒါ ၊ ဩစတြေးလျ ဒီလေးနိုင်ငံကနေ လေယာဉ်ဆီဖြတ်တောက်ရေး တားဆီးပိတ်ဆို့ရေး ဆန်ရှင် လုပ်လိုက်တယ်။ အဲဒီလိုလုပ်လိုက်တော့ လူ့အခွင့်အရေးကောင်စီမှာ သူတို့ရဲ့အားက ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေနဲ့ ပေါင်းလိုက်တော့ ပိုအားကောင်းလာတယ်။ လေယာဉ်ဆီဖြတ်တောက်ရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့နေရာမှာဆိုရင် တောင်အမေရိကနိုင်ငံတွေပါ ကျမတို့ဘက်ကနေ ဝိုင်းပြီး ထောက်ခံလာပေးတယ်။ ပြောချင်တာက အချိန်ကြာတယ်၊ ဒါပေမဲ့ တနိုင်ငံချင်းစီက လုပ်စရာရှိတာတွေ ပိုလုပ်လာလေ လုံခြုံရေးကောင်စီလိုမျိုး ကုလသမဂ္ဂထဲမှာ အားကောင်းတဲ့ ဆုံးဖြတ်ချက်မျိုးတွေ ရနိုင်လေ ဖြစ်ပါတယ်။ Special rapporteur ရဲ့ တင်ပြချက်က အရမ်းအားကောင်းတယ်။ ဒါပေမဲ့ တနိုင်ငံချင်း အစိုးရတွေရဲ့ လုပ်ဖို့အတွက် နိုင်ငံရေးဆန္ဒတွေနဲ့ အမြန်ဆုံးလုပ်ဖို့ ဆက်ပြီး တိုက်တွန်းနှိုးဆော်မှုတွေ လုပ်ရမယ်။”

မေး - အခုနောက်ဆုံးအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်မှုကလည်း မြန်မာပြည်သူတွေကလည်း အားမလိုအားမရ ဖြစ်နေတာပေါ့။ နိုင်ငံတကာ ဥပဒေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ပြီး အကြမ်းဖက်မှုတွေ လုပ်နေတဲ့ သူတို့ကို ICC မတင်နိုင်သေးတဲ့ အခြအနေ ဖြစ်နေတယ်။ အစ်မတို့အနေနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ ဘယ်လိုရှိနေလဲ။

ဖြေ - “နွေဦးတော်လှန်ရေးကာလတလျှောက်လုံး ကျန်ခဲ့တဲ့သုံးနှစ်မှာ သူတို့ကကျူးလွန်တဲ့ အမှုတွေကို ICC ကို မတင်နိုင်သေးတာတော့ မှန်တယ်။ ဒါပေမဲ့ ICC မှာ သူတို့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ဟာတွေအတွက် ICC က သူတို့ကို တရားစွဲထားပြီးသား။ အမှုက ဖွင့်ထားပြီးနေပြီ။ အဲဒီမှာ တမှုရှိနေပြီ။ အာဂျင်တီးနားနိုင်ငံမှာလည်း ရိုဟင်ဂျာ အမျိုးသမီးတွေကို သူတို့ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ထားတဲ့ ကိစ္စတွေကြောင့်မို့ အဲဒီအမျိုးသမီးတွေက သူတို့ သတ္တိရှိရှိနဲ့ တရားစွဲထားတဲ့အတွက် အာဂျင်တီးနား တရားရုံးဆိုရင် ကြားနာမှုတွေ လုပ်ပြီးကုန်ပြီ။ အဲဒီတော့ ICC ၊ အာဂျင်တီးနား တရားရုံး၊ ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ တရားရုံးမှာလည်း ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ တရားစွဲခံထားရပြီး ဖြစ်တယ်။”

“ပြောချင်တာက ဒီစစ်အုပ်စုကို ကျမတို့ မြင်ကြည့်ရမှာက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ အပါအဝင် တခြားသော တိုင်းရင်းသားကွန်မြူနတီတွေ၊ မြန်မာနိုင်ငံတဝန်းလုံးက ပြည်သူတွေ ခံစားရတဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေအားလုံးဟာ ICC မှာ၊  ရိုဟင်ဂျာတွေကို ကျူးလွန်ခဲ့တဲ့ဟာကို  ICC က သူတို့ကို အရေးယူမှု လုပ်နိုင်တယ်ဆိုရင်၊ အာဂျင်တီးနား တရားရုံးက အရေးယူမှု လုပ်နိုင်မယ်ဆိုရင် ကျမတို့ မြင်ထားရမှာက အဲဒီလူတွေက အတူတူပဲ။ ရိုဟင်ဂျာတွေကို ကျူးလွန်လိုက်တဲ့သူတွေကလည်း မင်းအောင်လှိုင်နဲ့ ဒီတစုပဲ။ နွေဦးတော်လှန်ရေး သုံးနှစ်မှာ တနိုင်ငံလုံး ပြည်သူတွေကို ကျူးလွန်နေတာလည်း သူတို့ပဲ။ အဲဒီတော့ နွေဦးတော်လှန်ရေးတလျှောက်လုံးမှာ သူတို့ ကျူးလွန်တာတွေကို ကျမတို့က တရားမစွဲနိုင်သေးတာတောင်မှ သူတို့ကို တရားစွဲထားပြီးသားက ရှိနေပြီးသားဆိုတာ ကျမတို့ ပြည်သူတွေ မမေ့ဖို့ လိုတယ်။ ပြောချင်တာက အဲဒီခရီးတွေက ရောက်နေပြီးပြီ။ တကယ်လို့များ ဒီတရားရုံးတွေက တခုခုလုပ်လိုက်ပြီဆိုရင်၊ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေကြောင်းတွေအတိုင်း လုပ်လို့ အဆင့်တခုကို ရောက်သွားပြီဆိုရင် အရေးယူခံရဖို့ နာမည်ရှိပြီးသား သူတွေက မင်းအောင်လှိုင်ကစပြီး စိုးဝင်း အပါအဝင် ရှိနေတယ်ဆိုတာ ကျမတို့ မမေ့ဖို့ လိုတယ်။” 

“လူ့အခွင့်အရေးကောင်စီမှာ Special rapporteur တွမ်အင်ဒရူးစ်က သူ အကြံပြုတာ ရှိတယ်။ အဲဒါကို ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဝိုင်းထောက်ခံတယ်။ လိုက်ကြိုးစားမယ့်ဟာ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်ရှိယာယီသမ္မတကြီး ဒူဝါလရှီးလက ၂၀၂၂ မှာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့၊ ကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ အကုန်လုံးအတွက်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကနေ တရားစီရင်မှု လုပ်ပေးပါလို့ သူ့ဘက်က တာဝန်ရှိတဲ့ အစိုးရတရပ်အနေနဲ့ အကြောင်းကြားထားတယ်။ အဲဒါကို Special rapporteur တွမ်အင်ဒရူးစ်က ၁၉ ရက်နေ့တုန်းက လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံရင်းနဲ့ သူထည့်ပြီးပြောသွားတာက နိုင်ငံတကာအဝန်းအဝိုင်းက NUG ရဲ့ ဒီလိုမျိုး ICC ကို တရားစီရင်ခွင့် တောင်းတာကို ဝိုင်းဝန်းထောက်ခံသင့်တယ်လို့ ပြောသွားတယ်။ အဲဒီကိစ္စကို ကျမတို့ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ဝိုင်းပြီးထောက်ခံပြီး ဝိုင်းတွန်းကြမယ်။” 

“ဘာကြောင့်လဲဆိုတော့ သမ္မတ ဒူဝါလရှီးလ ပြောသွားတာ အခု နွေဦးတော်လှန်ရေးကာလတောင် မကဘူး၊ ICC ရောမစာချုပ် စပြီးအသက်ဝင်တဲ့ ၂၀၀၂ ခုနှစ်နောက်ပိုင်းက အကုန်လုံးကို သူတို့က တရားစီရင်ခွင့်ပေးတာ။ ကျမတို့မှာ ဘာပဲလိုလဲဆိုတော့ ယူကရိန်းကိစ္စမှာက နိုင်ငံ ၂၀ ကျော်က လက်မှတ်ထိုးပြီး ICC ကို တင်တယ်လေ။ အဲဒီလိုပုံစံမျိုးပဲ၊ မြန်မာနိုင်ငံ ကိစ္စကိုလည်း ယူကရိန်းကို တင်သလိုပဲ တင်ဖို့အတွက် ကျမတို့ ဝိုင်းပြီးတိုက်တွန်း နှိုးဆော်ဖို့တွေ ရှိပါတယ်။”

“ဒါကတော့ ကျမတို့ ဆက်ပြီးကြိုးစားသွားရမှာပေါ့။ ဥပဒေကြောင်းအရ လုပ်တယ်ဆိုတော့လည်း နေ့ချင်းညချင်း လွယ်လွယ်နဲ့တော့ မရဘူးပေါ့။ ပြည်တွင်းဥပဒေတောင်မှ ချက်ချင်းလက်ငင်းမှ မပြီးတာ။ နိုင်ငံတကာဥပဒေဆိုတော့ ပိုပြီးတိကျပြီး ပိုပြီးခိုင်ခံ့တော့ ကျမတို့ လုပ်ရမှာက ပိုများတာပေါ့။ သို့သော်လည်း ဒီမှာတင် ကျမတို့ ရပ်လိုက်လို့မရဘူး။ မြန်မာနိုင်ငံက စစ်အုပ်စုဟာ ဥပဒေကြောင်းအရ တာဝန်ယူမှု၊ တာဝန်ခံမှု မခံရဘဲနဲ့ ဘယ်တော့မှ စစ်အုပ်စုရဲ့ အကြမ်းဖက်ခံရမှု သံသရာ တကျော့ပြန် ပြန်မသွားဘူးလို့ မပြောနိုင်ဘူး။” 

“ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ပြီ ဆိုရင်တောင်မှ အမှန်တရားနဲ့ တရားမျှတမှု ပေါ်ပေါက်ရေးအတွက် အခုလို နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူတွေဟာ ဥပဒေရှေ့မှောက်မှာ တရားစီရင်မှုခံရဖို့ မဖြစ်မနေ အနည်းဆုံးတော့ အမြင့်ဆုံးတာဝန်ရှိတဲ့သူတွေကို ဥပဒေကြောင်းအရ တာဝန်ခံဖို့ဖြစ်အောင် ကျမတို့ လုပ်ရမှာဖြစ်တယ်။ ဒါမှ တိုင်းပြည်က တကယ်ငြိမ်းချမ်းမှုကို ကျမတို့ တည်ဆောက်နိုင်မယ်။ ခံလိုက်ရတဲ့ ပြည်သူတွေ နည်းတာမှမဟုတ်တာ။ မျိုးဆက်နဲ့ချီတယ်။ နွေဦးတော်လှန်ရေး သုံးနှစ်မှာ ခံလိုက်ရတာဆိုရင်လည်း အခုချိန်ထိ မပြီးမှ မပြီးသေးတာ။ ကျမတို့ အများကြီး ဆက်ကြိုးစားရဦးမှာပါ။”

အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် မခင်ဥမ္မာကို DVB က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024